ဒိုင်အိုစီစင်တော်ဝင်သံတဲကျောင်း (အ.ထ.က(၁၀)၊ အောင်မြေသာစံမြို့နယ်)

Listing Description

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၈၆ လမ်း၊ ၂၂ လမ်းနှင့် ၂၃ လမ်းကြားတွင် တည်ရှိသည်။ မင်းတုန်းမင်းသည် မင်းညီမင်းသားများကို အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ နိုင်ငံသမိုင်း စသည့်ဘာသာရပ်များသင်ယူနိုင်ရန် ဒိုင်အိုစီဇင်တော်ဝင်သံတဲကျောင်းကို မြန်မာသက္ကရာဇ် ၁၂၃၁ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက် (၁၈၆၉ ခုနှစ် ဇွန်လ ၇ ရက်)နေ့တွင် ဆောက်လုပ်ပြီးစီးခဲ့သည်။ မင်းတုန်းမင်းလက်ထက်က သံတမန်များကို နေရာချထားပေးခဲ့သော သံဝင်းအမည်ရှိ ရပ်ကွက်တည်ရှိခဲ့ရာ ဒိုင်အိုသံတဲကျောင်း ဟု အမည်တွင်ခဲ့ပြီး ဗြိတိသျှအသိုင်းအဝိုင်းကမူ (S.P.G Royal School) ဟု သိကြသည်။ ကျောင်းအုပ်ကြီးမှာ လန်ဒန်မြို့အခြေစိုက် (S.P.G) သာသနာပြုအဖွဲ့က စေလွှတ်ခဲ့သူ ဒေါက်တာမတ် (Dr.J.E. MARKS) ဖြစ်သဖြင့် ဆရာမှတ်ကြီး ကျောင်းဟုလူသိများခဲ့ကာ ရွှေကူမင်းသား၊ မင်းတုန်းမင်းသား၊ သီပေါမင်းသား၊ သာဂရမင်းသားတို့နှင့်အတူ ကျောင်းသား ၂၉ဦး တို့ဖြင့် စတင်ဖွင့်လှစ်ခဲ့သည်။ သီပေါမင်း၏ ကျောင်းဝင်အမှတ်မှာ ၂၇ ဖြစ်သည်။ ဒုတိယကမ္ဘာစစ်တွင် ယာယီပိတ်ခဲ့ရာမှ ပြန်လည်ဖွင့်လှစ်သည့်အခါ ဒိုင်အိုစီဇင်သံတဲအထက်တန်းကျောင်းဟု အမည်ပေးခဲ့သည်။ ၁၉၆၄ ခုနှစ်နောက်ပိုင်းမှစ၍ အမှတ် (၁၀) အခြေခံပညာအထက်တန်းကျောင်းအဖြစ် ယနေ့တိုင် တည်ရှိလျက်ရှိသည်။ ၂၀၂၂ ခုနှစ် ဧပြီလ ၈ ရက်နေ့တွင် ကျောင်းဝင်းအတွင်းရှိ တော်ဝင်သံတဲဆောင် အဆောက်အအုံကို အမိန့်ကြော်ငြာစာအမှတ် (၃၀/ ၂၀၂၂) ဖြင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ရှေးဟောင်း အဆောက်အအုံအဖြစ် သတ်မှတ်ခဲ့သည်။