All Saints Church (သန့်ရှင်းသူအပေါင်းဘုရားကျောင်း)

Listing Description

All Saints Church အင်္ဂလိကန်ဘုရားကျောင်းသည် ပြင်ဦးလွင်မြို့ မန္တလေး- လားရှိုးလမ်းမကြီးဘေးရှိ ဘုရင်ခံအိမ်တော် (ခေါ်) Aureum Palace Hotel & Resort နှင့် မျက်နှာချင်းဆိုင် ကပ်လျက်တည်ရှိပါသည်။ ဗြိတိသျှတို့သည် အထက်မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက် မန္တလေးတွင် ကျဆုံးခဲ့သည့် အင်္ဂလိပ်စစ်သည်များအတွက် အောက်မေ့ဖွယ်အထိမ်းအမှတ်အဖြစ် ထိုဘုရားကျောင်းကို တည်ဆောက်ခဲ့ပါသည်။ ဗိသုကာ မစ္စတာစီတန် မောရစ်စ် (Mr.Seton Morris) က ပုံစံရေးဆွဲ၍ ၁၉၁၂ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့တွင် လက်ထောက်ဘုရင်ခံ ဆာဟာဗေးအဒမ်ဆင် (Sir. Harvey Adamson) က အုတ်မြစ်ချခဲ့ပါသည်။ မူလတည်ဆောက်စဥ်က ခေါင်းလောင်းစင် မပါ၀င်ခဲ့သော်လည်း ၁၉၂၇ ခုနှစ်တွင် ခေါင်းလောင်းစင်အား ထပ်တိုးတည််ဆောက်ခဲ့ပါသည်။ ၄င်းခေါင်းလောင်းအား ၁၉၂၆ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၌ သွန်းလုပ်ခဲ့ပြီး ၁၉၂၇ ခုနှစ်တွင် တပ်ဆင်အသုံးပြုခဲ့ပါသည်။ ယင်းဘုရားကျောင်းသည် ခေတ်အဆက်ဆက် မြန်မာပြည်ဆိုင်ရာ ဘုရင်ခံများ မေမြို့တွင် ရုံးစိုက်သည့်ကာလ၌ ဘုရား၀တ်ပြုရာ ဘုရားကျောင်းတစ်ခုဖြစ်ခဲ့ပါသည်။ ထို့ပြင် ဘုရားကျောင်း တည်ဆောက်ပုံနှင့် အနုပညာလက်ရာများမှာ စိတ်၀င်စားဖွယ်ရာ ဖြစ်သောကြောင့် ပြည်တွင်း၊ ပြည်ပခရီးသွားများအထူးစိတ်၀င်စားရာ နေရာတစ်ခု ဖြစ်ပါသည်။ ၂၀၂၂ ခုနှစ် ဧပြီလ ၈ ရက်နေ့တွင် ယင်းဘုရားကျောင်းကို အမိန့်ကြော်ငြာစာအမှတ် (၃၀/ ၂၀၂၂) ဖြင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ရှေးဟောင်း အဆောက်အအုံအဖြစ် သတ်မှတ်ခဲ့သည်။