စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု ခံယူ

09-Jan-2021

စင်ကာပူ ဇန်နဝါရီ ၈

စင်ကာပူရှိ ပြည်သူ့ကျန်းမာရေးအဖွဲ့အစည်းမှ ဝန်ထမ်းများကို ယနေ့ ကာကွယ်ဆေးထိုးနှံမှု စတင်ခဲ့ရာ ဝန်ကြီးချုပ် လီရှန်လွန်းကလည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု ခံယူခဲ့သည်။

“ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံမှုခံယူတာ နာကျင်မှုမရှိပါဘူး။ စင်ကာပူလူမျိုးတွေ ကာကွယ်ဆေးထိုးနှံမှု ခံယူမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်” ဟု ကာကွယ်ဆေးထိုးပြီး မိနစ် ၃၀ ကြာ စောင့်ကြည့်ကာလ ပြီးနောက် လီရှန်လွန်းက သတင်းထောက်များကို

ပြောကြားသည်။ လီရှန်လွန်းက ဘယ်သန် ဖြစ်သော်လည်း ညာဘက်လက်မောင်း၌ ဗိုင်းရပ်စ် ကာကွယ်ဆေးထိုးနှံခံခဲ့ပြီး သုံးပတ် အကြာတွင် ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံခံမည် ဖြစ်သည်။

စင်ကာပူ၌ နေထိုင်သူများအားလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံကြရန် ၎င်းက တိုက်တွန်းခဲ့သည်။ ဗိုင်းရပ်စ်ကာကွယ် ဆေးအပေါ် လူထုယုံကြည်မှုရရှိရန် ၎င်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ကာကွယ်ဆေး ထိုးနှံခံမည်ဟု လီရှန်လွန်းက ပြီးခဲ့သည့်လ အတွင်း ပြောကြားခဲ့သည်။

စင်ကာပူက ဒီဇင်ဘာ ၂၁ ရက်တွင် ပထမအသုတ် ကာကွယ်ဆေးများရရှိခဲ့ရာ Pfizer-BionTech ဗိုင်းရပ်စ်ကာကွယ်ဆေး လက်ခံရရှိသည့် ပထမဆုံးသော အာရှနိုင်ငံ ဖြစ်လာခဲ့သည်။

အမေရိကန်ဆေးဝါးကုမ္ပဏီ Moderna နှင့် တရုတ်နိုင်ငံမှ Sinovac အပါအဝင် လာမည့်လ အနည်းငယ်အတွင်း စင်ကာပူသို့ နောက်ထပ် ဗိုင်းရပ်စ်ကာကွယ်ဆေးများ ရောက်ရှိမည်ဟု မျှော်မှန်းရသည်။

ကိုးကား-စထရိတ်တိုင်းမ်

ဘာသာပြန်-ကျော်ထိုက်စိုး