ကိုဗစ်ကူးစက်ခံရသော်လည်း ပြန်လည်ကျန်းမာလာတဲ့ အသက် ၁၀၂ နှစ်အရွယ် အဘိုးအို

21-Jan-2021

ရီယိုဒီဂျနေးရိုး   ဇန်နဝါရီ   ၂၀

အသက် ၁၀၂ နှစ်ရှိသည့် ဂျပန်နွယ်ဖွား ဘရာဇီးနိုင်ငံသား အဘိုးအိုတစ်ဦး သည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာခဲ့ ကြောင်း ယနေ့သတင်းများအရ သိရသည်။

ဘရာဇီးနိုင်ငံ ကာရီတီဘာမြို့တွင်နေထိုင်သည့် အဘိုးအို ယိုရှီယို နီရှီသည် လွန်ခဲ့သောလက ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရပြီးနောက် ရက်သတ္တသုံးပတ်အကြာတွင် အဆိုပါရောဂါမှ ကင်းစင်သွားပြီး ကျန်းမာရေးအခြေအနေ ပြန်လည်ကောင်းမွန်လာခဲ့သည်ကို စစ်ဆေး တွေ့ရှိရကြောင်း ဘရာဇီးမီဒီယာများက သတင်းဖော်ပြသည်။

အဘိုးအို ယိုရှီယိုနီရှီသည် စပိန်တုပ်ကွေးကူးစက်ရောဂါကိုလည်း ယခင်က ကူးစက်ခံခဲ့ရပြီး ပြန်လည်ကျန်းမာလာခဲ့ကြောင်း ယိုရှီယိုနီရှီနှင့်  သူ၏မိသားစုဝင်များ၏  ပြောကြားချက်ကို  ဘရာဇီး မီဒီယာများက ရေးသားဖော်ပြခဲ့သည်။

ထို့ပြင် ယိုရှီယိုနီရှီ၏ မိသားစုဝင်အများအပြား စပိန်တုပ်ကွေး ကူးစက်ခံခဲ့ရပြီး သေဆုံးခဲ့သော်လည်း ယိုရှီယိုနီရှီသည် အဆိုပါရောဂါ ကူးစက်ခံရမှုမှ ပြန်လည်ကျန်းမာလာခဲ့သည်။

အသက် ၁၀၂ နှစ်ရှိသည့် အဘိုးအိုတစ်ဦး ကိုဗစ်-၁၉ ရောဂါ ကူးစက် ခံရပြီးနောက် ပြန်လည်ကျန်းမာလာခြင်းသည် အံ့သြစရာတစ်ခုပင် ဖြစ်ကြောင်းနှင့် ၎င်းပြန်လည် ကျန်းမာလာခဲ့ခြင်းသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှင့် သေဆုံးမှုများ မြင့်တက်လျက်ရှိသည့် ဘရာဇီးနိုင်ငံ အတွက် မျှော်လင့်ချက်တစ်ခု  ပေးလိုက်ခြင်းပင်ဖြစ်ကြောင်း  သတင်း မီဒီယာများက ရေးသားကြသည်။

လက်ရှိအချိန်အထိ  ဘရာဇီးနိုင်ငံအတွင်း၌  ကိုဗစ်-၁၉  ရောဂါ ကူးစက်ခံရသူ ၈၅၇၅၇၄၂ ဦးရှိပြီး အဆိုပါရောဂါကြောင့် သေဆုံးသူ ၂၁၁၅၁၁ ဦးရှိကြောင်း သိရသည်။

ကိုးကား - အင်န်အိတ်ချ်ကေ၊

ဘာသာပြန် - အောင်ကျော်ကျော်