ရုံးအမှတ် (၇)၊ ပြန်ကြားရေးဝန်ကြီးဌာန

Listing Description

ပြန်ကြားရေးဝန်ကြီးဌာနကို ၁၉၄၆ ခုနှစ်၊ စက်တင်ဘာလ(၂၆)ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိသည့် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလမှစ၍ ရေတွက်လျှင် ပြန်ကြားရေး ဝန်ကြီးဌာန သက်တမ်းသည် နှစ်(၇၀)ခန့် ရှိပြီဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာန၏ ပင်မတာဝန်မှာ ပြည်သူလူထုအား ခေတ်မီလူထုဆက်သွယ်ရေး နည်းလမ်းများအသုံးပြု၍ သုတ၊ ရသသက်ရောက် သော ပြန်ကြားပေးခြင်း၊ ပညာပေးခြင်း၊ ဖြေဖျော်ပေးခြင်းတို့ဖြစ်ပါသည်။

၂။ ၁၅-၃-၁၉၇၂ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးကောင်စီ ကြေညာချက်အမှတ်(၉၇)အရ အတွင်းဝန်များရုံးအား ဖျက်သိမ်း၍ အုပ်ချုပ်ရေးစနစ်သစ်ကို ဖော်ထုတ်ခဲ့ရာ ပြန်ကြားရေးဝန်ကြီးဌာနကို အောက်ပါအတိုင်း ဦးစီးဌာန(၁)ခု၊ ကော်ပိုရေးရှင်း (၃)ခုဖြင့် ဖွဲ့စည်းခဲ့ပါသည်-

ပြန်ကြားရေးဌာနခွဲနှင့် အသံလွှင့်ဌာနခွဲကိုပေါင်း၍ ပြန်ကြားရေးနှင့်အသံလွှင့် ဦးစီးဌာန၊

ဗဟိုပုံနှိပ်တိုက်၊ ပြည်သူပိုင်ပုံနှိပ်တိုက်များ ကြီးကြပ်ကွပ်ကဲမှုအဖွဲ့ ၊ စာပေဗိမာန်အုပ်ချုပ်ရေးအဖွဲ့နှင့် မြဝတီပုံနှိပ်တိုက်တို့ကိုပေါင်း၍ ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးကော်ပိုရေးရှင်း၊

လုပ်သားပြည်သူ့နေ့စဉ်သတင်းစာ ၊ The Working People’s Daily ၊ ကြေးမုံသတင်းစာ ၊ ဗိုလ်တထောင်သတင်းစာ ၊ The Guardian Daily ၊ မြန်မာ့အလင်းသတင်းစာနှင့် ဟံသာဝတီသတင်းစာတို့ကိုပေါင်း၍ သတင်းနှင့်စာနယ်ဇင်း ကော်ပိုရေးရှင်း

ရုပ်ရှင်ဆင်ဆာဘုတ်အဖွဲ့ ၊ ဗဟိုရုပ်ရှင်ဌာနခွဲ ၊ ရုပ်ရှင်လုပ်ငန်းမြှင့်တင်ရေးအဖွဲ့နှင့် နိုင်ငံခြားရုပ်ရှင်ကားတင်သွင်းရေးအေဂျင်စီတို့ကိုပေါင်း၍ ရုပ်ရှင်ကော်ပိုရေးရှင်း။

၃။ ထို့နောက် ဦးစီးဌာနနှင့်လုပ်ငန်းများအဖြစ် အောက်ပါအတိုင်း အဆင့်ဆင့်ပြောင်းလဲ ဖွဲ့စည်းခဲ့ပါသည်-

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား။ ၁၉၄၆ ခုနှစ်တွင် ဗမာ့အသံ ၊ ၁၉၅၈ခုနှစ်တွင် မြန်မာ့အသံ၊ ၁၉၇၂ ခုနှစ်တွင် ပြန်ကြားရေးနှင့်အသံလွှင့်ဦးစီးဌာန၊ ၁၉၈၀ ပြည့်နှစ်တွင် ရောင်စုံရုပ်မြင်သံကြား အစီအစဉ်ကို စတင်ထုတ်လွှင့်ခဲ့ပြီး ၂၄-၁-၁၉၉၁ ရက်နေ့မှ စတင်၍ မြန်မာ့ရုပ်မြင်သံကြားနှင့်အသံလွှင့်ဦးစီးဌာန၊ ၂၂-၁၁-၁၉၉၇ ရက်နေ့တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဟု အမည်ပြောင်းလဲခဲ့ပါ သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန။ ပြန်ကြားရေးနှင့်အသံလွှင့်ဦးစီးဌာန လက်အောက်တွင်ရှိသည့် ပြန်ကြားရေးဌာနခွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအဖြစ်၂၄-၁-၁၉၉၁ ရက်နေ့တွင် ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ထိုမှတစ်ဆင့် ၁၅-၁-၂၀၁၅ ရက်နေ့တွင် ပြုလုပ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၂/၂၀၁၅) ၏ သဘောတူညီချက်အရ မြန်မာ့ရုပ်ရှင် မြှင့်တင်ရေးဦးစီးဌာန ယခင်မြန်မာ့ ရုပ်ရှင်လုပ်ငန်း)ကို ဖျက်သိမ်းပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအောက်တွင် ရုပ်ရှင်မြှင့်တင် ရေးဌာနခွဲအဖြစ် ထည့်သွင်းပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန။ ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးကော်ပိုရေးရှင်းကို ၁-၄-၁၉၈၉ ရက်နေ့တွင် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းအဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ပြီး ယခုအခါ၁၃-၁-၂၀၁၆ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၂/၂၀၁၆)၏ သဘောတူညီချက်အရ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ရာ ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးမှ ၂၂-၁-၂၀၁၆ ရက်စွဲပါစာအမှတ်၊၁-၂(၃/၂၀၁၆)/၀၁၃၅ ဖြင့် အမိန့် ကြော်ငြာစာ ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း။ သတင်းနှင့်စာနယ်ဇင်းကော်ပိုရေးရှင်းကို ၁-၄-၁၉၉၈ ရက်နေ့တွင် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းဟု အမည်ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။

ရုပ်ရှင်ဆင်ဆာဘုတ်အဖွဲ့၊ ဗဟိုရုပ်ရှင်ဌာနခွဲ၊ ရုပ်ရှင်လုပ်ငန်းမြှင့်တင်ရေး အဖွဲ့နှင့် နိုင်ငံခြားရုပ်ရှင်ကားတင်သွင်းရေး အေဂျင်စီတို့ကိုပေါင်း၍ ရုပ်ရှင်ကော်ပိုရေးရှင်း ဟုလည်းကောင်း၊ ရုပ်ရှင် ကော်ပိုရေးရှင်းကို မြန်မာ့ရုပ်ရှင်လုပ်ငန်းဟု လည်းကောင်း အဆင့်ဆင့် အမည်ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ၁-၄-၂၀၁၄ ရက်နေ့မှစ၍ မြန်မာ့ရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာနအဖြစ် ဖွဲ့စည်းခဲ့ပါသည်။ ၁၅-၁-၂၀၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၂/၂၀၁၅)၏ သဘောတူညီချက်အရ မြန်မာ့ရုပ်ရှင်မြှင့်တင် ရေးဦးစီးဌာနကိုဖျက်သိမ်းပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအောက်တွင် ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲအဖြစ် ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား နောက်ခံသမိုင်း (အကျဉ်း)

၁။ ၁၉၄၆ ခုနှစ်၊ ဖေဖော်ဝါရီ(၁၅)ရက်နေ့တွင် “ Burma Broadcasting Service(BBS)” (ခေါ်) “ဗမာ့အသံ” အမည်ဖြင့် ရွှေတောင်ကြားရပ်ကွက် အင်းလျားမြိုင်လမ်းတွင် စတင်ထုတ်လွှင့်ခဲ့ပြီး ၁၉၅၈ ခုနှစ်၊ နိုဝင်ဘာလ(၂၈)ရက်နေ့တွင် “ဗမာ့အသံ” အမည်မှ “မြန်မာ့အသံ” အမည်သို့ နာမည်ပြောင်းလဲ အသံလွှင့်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၄)ရက်နေ့တွင် တင်ဒါမီယာ အသံလွှင့်ရုံမှ ပြည်လမ်းသို့ ပြောင်းရွှေ့အသံလွှင့်ခဲ့ပါသည်။ ၁၉၈၀ ခုနှစ်၊ နိုင်ဝင်ဘာလ (၁)ရက် နေ့တွင် ရောင်စုံရုပ်မြင်သံကြားအစီအစဉ်ကို စတင်ထုတ်လွှင့်ခဲ့ပါသည်။ ၁၉၉၁ ခုနှစ်၊ ဇန်နဝါရီလ (၂၄)ရက်နေ့တွင် “မြန်မာ့ရုပ်မြင်သံကြားနှင့်အသံလွှင့်ဦးစီးဌာန” Myanma Television and Radio Department (MTRD) ဟု အမည်ပေးခဲ့ပြီး ၁၉၉၇ ခုနှစ်၊ နိုင်ဝင်ဘာလ (၂၂)ရက်နေ့တွင် “မြန်မာ့အသံနှင့် ရုပ်မြင်သံကြား” Myanma Radio and Television (MRTV) ဟု ပြောင်းလဲဖွဲ့စည်းခေါ်ဆိုခဲ့ပါသည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နောက်ခံသမိုင်း

၁။ ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၂ ခုနှစ်တွင် သတင်းနှင့်ဝါဒဖြန့်ချိရေးဌာနခွဲအဖြစ် ဖွင့်လှစ် ခဲ့သည်။ ယင်းဌာနခွဲကိုကိုလိုနီခေတ် ၁၉၄၅ ခုနှစ်တွင် ပြည်သူ့ဆက်ဆံရေးဌာနငယ်အဖြစ် ဖွဲ့စည်း ခဲ့ပါသည်။ ၁၉၄၆ ခုနှစ်တွင် ပြည်သူ့ဆက်ဆံရေးဌာနကို ပြန်ကြားရေးဝန်ကြီးဌာန လက်အောက် တွင် ထားရှိခဲ့ပါသည်။ ၁၉၄၇ ခုနစ်တွင် ပြန်ကြားရေးဌာနနှင့် အသံလွှင့်ဌာနဟူ၍ သီးခြားဖွဲ့စည်း ခဲ့ပါသည်။ ပြန်ကြားရေးဌာနလက်အောက်တွင် သတင်းဌာနခွဲ၊ ပြည်သူ့ဆက်ဆံရေးဌာနခွဲ၊ စာအုပ်စာတမ်း ထုတ်ဝေရေးဌာနခွဲ၊ ဓာတ်ပုံဌာနစိတ်၊ သုတေသနဌာနစိတ်၊ ဖြန့်ချိရေး ဌာနစိတ် ဟူ၍ ဖွဲ့စည်းဆောင်ရွက် ခဲ့ပါသည်။

၂။ ၁၉၅၄ ခုနှစ်တွင် ရန်ကုန်စာဖတ်ခန်းနှင့် တွဲလျက် ကလေးစာဖတ်ခန်းကိုဖွင့်လှစ်ခဲ့ ပါသည်။ ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရလက်ထက်တွင် ပြန်ကြားရေးဌာနခွဲရှိပြည်သူ့ ဆက်ဆံရေး အရာရှိများ၏ လုပ်ငန်းတာဝန်ကိုပြန်လည်သတ်မှတ်ပြီးခရိုင်နှင့် ခရိုင်ခွဲများတွင် ရုံးများ စနစ်တကျဖွဲ့စည်းကာ ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါသည်။ ခရိုင်ပြည်သူ့ဆက်ဆံရေးအရာရှိနှင့် ခရိုင်ခွဲ လက်ထောက်ပြည်သူ့ ဆက်ဆံရေးအရာရှိများသည် ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ဆက်ဆံရေးနှင့်လက်တွဲ၍ နိုင်ငံတော်အစိုးရ၏ ဝါဒသဘောထားများ၊ ဆောင်ရွက်ချက်များ၊ ပြည်တွင်းငြိမ်ဝပ်ပိပြားရေး၊ ပြည်သူတို့၏စိတ်ဓာတ်တက်ကြွခိုင်မာရေး စသည့် ပြန်ကြားရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။

၃။ ၁၉၆၀ ခုနစ် သန့်ရှင်းဖဆပလအစိုးရလက်ထက်တွင် ပြည်သူ့ဆက်ဆံရေးအရာရှိ ရာထူး များ၊ လက်ထောက်ပြည်သူ့ဆက်ဆံရေးအရာရှိရာထူးများကိုဖျက်သိမ်း၍ ခရိုင်နှင့်ခရိုင်ခွဲ များရှိ ပြန်ကြားရေး စာဖတ်ခန်းများအဖြစ် ပြောင်းလဲဖွင့်လှစ်ပြီး အောက်တန်းစာရေးများကို စာကြည့် ခန်းကြီးကြပ်ရန် တာဝန်ပေးအပ်ခဲ့ပါသည်။

၄။ ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီအစိုးရလက်ထက်တွင် တော်လှန်ရေးကောင်စီ သတင်းစဉ်၊ သတင်းနှင့် စာပေစိစစ်ထောက်လှမ်းရေး၊ ရှေ့သို့(Forward) စာစောင်ထုတ်ဝေ ရေး၊ ပြန်ကြားရေးနှင့် ဆက်သွယ်ရေးလုပ်ငန်းများကိုဆောင်ရွက်ခဲ့သည်။ ၁၉၆၂ ခုနှစ်မှ ၁၉၆၅ ခုနှစ်အတွင်းခရိုင်(၃၄)မြို့နှင့် ခရိုင်ခွဲ(၄၀) မြို့တို့တွင် ဖွင့်လှစ်ထားရှိသောပြန်ကြားရေး စာဖတ်ခန်းများကိုစာကြည့်တိုက်များ အဖြစ် တိုးမြှင့်ဖွင့်လှစ်ပြီးအောက်တန်းစာရေးများကို လက်ထောက် စာကြည့်တိုက်မှူးအဖြစ် လက်ရှိလစာနှုန်းဖြင့် ဆက်လက်တာဝန်ပေးအပ်ခဲ့ပါသည်။

၅။ ၁၉၇၂ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့မှစ၍ ပြန်ကြားရေးဌာနခွဲနှင့် အသံလွှင့်ဌာနခွဲတို့ ပူးပေါင်း၍ ပြန်ကြားရေးနှင့်အသံလွှင့်ဦးစီးဌာနအဖြစ် ဖွဲ့စည်းကာကချင်၊ ကယား၊ ကရင်၊ ချင်း နှင့် ရှမ်းပြည်နယ်ရှိ ပြန်ကြားရေးနှင့်ဆက်သွယ်ရေးအရာရှိရုံးများနှင့် စာကြည့်တိုက်များကို လည်း ပြန်ကြားရေးနှင့်အသံလွှင့်ဦးစီးဌာနလက်အောက်သို့ လွှဲပြောင်းထားရှိခဲ့ပါသည်။ ယင်းတို့မှာ တိုင်းများရှိ ပြန်ကြားရေး စာကြည့်တိုက် (၇၄)ခုနှင့် ပြည်နယ်များရှိစာကြည့်တိုက် (၃၇)ခု၊ စုစုပေါင်း (၁၁၁)ခုတို့ ဖြစ်ပါသည်။

၆။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အစိုးရလက်ထက်တွင် ပြန်ကြားရေးနှင့် အသံလွှင့်ဦးစီးဌာနမှ ပြန်ကြားရေးဌာနခွဲကိုပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန အဖြစ် နိုင်ငံတော်၏ လိုအပ်ချက်အရအများပြည်သူအကျိုးအတွက် ၁၉၉၁ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့၌ ခရိုင်အဆင့်တွင် ခရိုင်ရုံးများကိုလည်းကောင်း၊ မြို့နယ်အဆင့်တွင်မြို့နယ်များကို လည်းကောင်း တိုးချဲ့ ဖွဲ့စည်းပေးခဲ့ပါ သည်။

၇။ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဌာနခွဲ(၆)ခုရှိပါသည်။ ၎င်းတို့မှာ စီမံခန့်ခွဲရေးရာဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနခွဲ၊ ထုတ်လုပ်ရေးဌာနခွဲ၊ သုတေသနနှင့် သတင်း အချက်အလက်ဌာနခွဲ၊ မူပိုင်ခွင့်နှင့်မှတ်ပုံတင်ဌာနခွဲနှင့် ရုပ်ရှင်မြှင့်တင်ရေး ဌာနခွဲတို့ ဖြစ်ပါသည်။

ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန နောက်ခံသမိုင်းအကျဉ်းနှင့်ဖွဲ့စည်းပုံ

၁။ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၏ သမိုင်းအစမှာ ၁၈၈ဝ ပြည့်နှစ်က မြန်မာနိုင်ငံအစိုးရအတွင်းဝန်များရုံး၏ ပုံနှိပ်လုပ်ငန်းများကို ဆောင်ရွက်ပေးရသည့် “ ဗဟိုပုံနှိပ်စက်ရုံ ” မှစတင်ခဲ့ပြီး ပုံနှိပ်ဝန် က စီမံအုပ်ချုပ်ခဲ့ပါသည်။

၂။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် ဗဟိုပုံနှိပ်တိုက်၊ စာပေဗိမာန်(ယခင် မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်း) နှင့် ပြည်သူပိုင်သိမ်းယူခဲ့သော ပုဂ္ဂလိကပုံနှိပ်တိုက်များကို စုပေါင်း၍ “ ပုံနှိပ်ရေး နှင့် စာအုပ်ထုတ်ဝေရေးကော်ပိုရေးရှင်း”အဖြစ် ပြန်ကြားရေးဝန်ကြီးဌာန ကွပ်ကဲမှု အောက်တွင် ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။

၃။ ၁၉၈၉ ခုနှစ်တွင် “ ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးကော်ပိုရေးရှင်း”ကို “ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်း”အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ဦးဆောင်ညွှန်ကြားရေးမှူးက ဌာန အကြီးအကဲအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။

၄။ ၁ - ၄ - ၂ဝ၁၆ ရက်နေ့တွင် “ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်း”ကို “ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန”အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်မှ တာဝန်ယူနေပါသည်။ လက်ရှိတွင် ဤဦးစီးဌာနအောက်၌ ဌာနခွဲ (၅) ခု ( စီမံ ၊ စာပေဗိမာန် ၊ ပုံနှိပ် ၊ ထုတ်လုပ် ၊ ငွေစာရင်း)၊ စက်ရုံ(၇)ရုံတို့ဖြင့် ဖွဲ့စည်းထားပါသည်။

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း နောက်ခံသမိုင်းကြောင်း

၁။ ပြန်ကြားရေးဝန်ကြီးဌာနသည် ၁၉၆၅ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သော ပြည်သူပိုင်သတင်းစာ တိုက်များ ကြီးကြပ်ရေးအဖွဲ့ကို ၁၉၇၂ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် “သတင်းနှင့်စာနယ်ဇင်း ကော်ပိုရေးရှင်း” အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။

၂။ ၁၉၉၈ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ သတင်းနှင့်စာနယ်ဇင်းကော်ပိုရေးရှင်းကို နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်းအဖြစ်ပြောင်းလဲ၍ “သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း” ဟု ပြင်ဆင် ဖွဲ့စည်းခဲ့ပါသည်။

မြန်မာ့အလင်းသတင်းစာ

၉။ ၁၉၁၄ ခုနှစ် မတ်လတွင် စတင်ထုတ်ဝေခဲ့သည်။ ၂၀၁၃ ခုနှစ် မေလ ၂၄ ရက်နေ့တွင် စာမျက်နှာ (၂၀)မှ စာမျက်နှာ (၂၄)သို့လည်းကောင်း၊ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှစ၍ စာမျက်နှာ (၃၂)သို့ လည်းကောင်း စာမျက်နှာများ တိုးမြှင့်ထုတ်ဝေခဲ့သည်။ ရောင်စုံ ၁၆ မျက်နှာကို ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၈ ရက်မှလည်းကောင်း၊ ရောင်စုံ (၃၂)မျက်နှာကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှ လည်းကောင်း ပြောင်းလဲထုတ်ဝေခဲ့ခြင်းဖြစ်သည်။ လူမှုစီးပွား အားကစားအချပ်ပိုအား အပတ်စဉ် သောကြာနေ့တိုင်း ရောင်စုံ(၈)မျက်နှာဖြင့်လည်းကောင်း၊ Today Yangon အချပ်ပိုအား အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ရောင်စုံ(၄)မျက်နှာဖြင့်လည်းကောင်း၊ မန္တလေးစာမျက်နှာအား အပတ်စဉ်ဗုဒ္ဓဟူးနေ့နှင့် စနေနေ့တိုင်း ရောင်စုံ(၄)မျက်နှာဖြင့်လည်းကောင်း၊ ရခိုင်ရွှေမြေ အချပ်ပိုအား အပတ်စဉ် ကြာသပတေးနေ့တိုင်း ရောင်စုံ (၄)မျက်နှာဖြင့်လည်းကောင်း၊ မွန်ပြည်နယ်အတွင်း ဖြန့်ချိလျက်ရှိသည့် မြန်မာ့အလင်းနှင့်ကြေးမုံသတင်းစာများတွင် ဟင်္သာမီဒီယာ အချပ်ပိုအား (၉-၈-၂၀၁၈) ရက်နေ့မှစ၍ အပတ်စဉ် ကြာသပတေးနေ့တိုင်း ထုတ်ဝေဖြန့်ချိလျက်ရှိသည်။

ကြေးမုံသတင်းစာ

၁၀။ ၁၉၅၇ ခုနှစ် ဧပြီလ ၁၆ ရက်နေ့မှစ၍ ထုတ်ဝေခဲ့ရာမှ ၁၉၈၈ ခုနှစ်တွင် ခေတ္တရပ်ဆိုင်းခဲ့ပြီး ၁၉၉၂ ခုနှစ် စက်တင်ဘာလ ၁၈ ရက်မှစ၍ ပြန်လည်ထုတ်ဝေခဲ့သည်။ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်တွင် စာမျက်နှာ (၂၀) မှ စာမျက်နှာ (၂၄)သို့ လည်းကောင်း၊ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ မှစ၍ စာမျက်နှာ (၃၂)မျက်နှာကိုလည်းကောင်း စာမျက်နှာများ တိုးမြှင့်ထုတ်ဝေခဲ့သည်။ ၂၀၁၂ ဒီဇင် ဘာလ ၅ ရက်နေ့မှစ၍ ရောင်စုံ (၁၆)မျက်နှာဖြင့်ပြောင်းလဲထုတ်ဝေခဲ့ပြီး ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁ ရက် နေ့မှစ၍ ရောင်စုံ(၃၂) မျက်နှာ ဖြင့် ပြောင်းလဲ တိုးမြှင့် ထုတ်ဝေလျက်ရှိပြီး တိုင်းရင်းသားရေးရာ ကဏ္ဍအချပ်ပိုအား အပတ်စဉ် စနေနေ့တိုင်း ရောင်စုံ(၄)မျက်နှာဖြင့်လည်းကောင်း၊ မျိုးဆက်သစ်ရင်ပြင်ကဏ္ဍအချပ်ပိုအား အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ရောင်စုံ(၄) မျက်နှာဖြင့်လည်းကောင်း ထုတ်ဝေ လျက်ရှိပါသည်။

The Global New Light of Myanmar သတင်းစာ

၁၁။ ၁၉၆၄ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် The Working People's Daily သတင်းစာ အမည် စာမျက်နှာ (၈)မျက်နှာဖြင့် စတင်ထုတ်ဝေခဲ့ပြီး ၁၉၉၃ ခုနှစ် ဧပြီလ ၁၇ ရက်နေ့မှစတင်ပြီး The New Light of Myanmar အမည်ဖြင့်ပြောင်းလဲထုတ်ဝေခဲ့သည်။ ၂၀ဝ၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှစ၍ (၁၆)မျက်နှာအဖြစ် တိုးမြှင့်ထုတ်ဝေခဲ့သည်။ ၂၀၁၄ ခုနှစ် အောက်တိုဘာ လ ၁ ရက်မှ စတင်ပြီး Joint Venture အဖြစ် အကျိုးတူပူးပေါင်းလုပ်ဆောင်ပြီး The Global New Light of Myanmar အမည်ဖြင့်(၁၆)မျက်နှာ ရောင်စုံသတင်းစာများ ထုတ်ဝေလျက် ရှိပါသည်။

နေပြည်တော်သတင်းစာတိုက်ဖွင့်လှစ်ခြင်း

၁၂။ နေပြည်တော်သတင်းစာတိုက်ကို ၂၀ဝ၆ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် စတင်ဖွင့်လှစ် ခဲ့ပြီး နေ့စဉ်ထုတ်သတင်းစာ (၃)စောင်အား ပုံနှိပ်၍ ဝန်ကြီးဌာနများအပါအဝင် နေပြည်တော်နှင့် အနီး တစ်ဝိုက်ရှိ မြို့နယ်များအထိ ဖြန့်ချိပေးနိုင်ခဲ့ပါသည်။

ကိုယ်ပွားသတင်းစာတိုက်များဖွင့်လှစ်ခြင်း

၁၃။ ကိုယ်ပွားသတင်းစာတိုက်များကို ၂၀ဝ၁ ခုနှစ်တွင် မန္တလေး၊ တောင်ကြီးနှင့်မကွေးမြို့များ တွင်လည်းကောင်း၊ ၂၀ဝ၂ ခုနှစ်တွင် ကျိုင်းတုံနှင့် ကလေးမြို့များတွင်လည်းကောင်း၊ ၂၀ဝ၃ ခုနှစ်တွင် မြစ်ကြီးနားနှင့်စစ်တွေမြို့များတွင်လည်းကောင်း၊ ၂၀ဝ၄ ခုနှစ်တွင် လားရှိုးမြို့၊ ၂၀ဝ၈ ခုနှစ်တွင် မြိတ်မြို့နှင့် ၂၀၁၄ ခုနှစ်တွင် မော်လမြိုင်မြို့တွင်လည်းကောင်း၊ ၂၀၁၅ ခုနှစ် သြဂုတ်လ ၄ ရက် နေ့တွင် မုံရွာမြို့တွင်လည်းကောင်း စုစုပေါင်း ကိုယ်ပွားသတင်းစာတိုက် (၁၁) တိုက် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်။

မြန်မာ့သတင်းစဉ်(ပြည်တွင်း)

၁၄။ မြန်မာ့သတင်းစဉ်(ပြည်တွင်း)သည် ၁၉၆၂ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် ပြန်ကြားရေး ညွှန်ကြားရေးဝန်ရုံးမှ သတင်းဌာနစိတ်ဝန်ထမ်းများကို အခြေပြုပြီး ကာကွယ်ရေးဝန်ကြီးဌာန၊ စိတ်ဓာတ် စစ်ဆင်ရေးညွှန်ကြားရေးဝန်ရုံးမှ စစ်ဘက်နယ်ဘက်ဝန်ထမ်းများ၊ လူမှုဝန်ထမ်းဌာနမှ ဝန်ထမ်းများကို ပေါင်းစည်းကာ “တော်လှန်ရေးကောင်စီသတင်းစဉ်” အမည်ဖြင့် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံ အဆောက်အအုံ၌ စတင်သန္ဓေတည်ခဲ့ပါသည်။

၁၅။ ၁၉၆၃ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့တွင် မြန်မာ့သတင်းစဉ်အမည်ဖြင့် ပြည်တွင်း၊ နိုင်ငံခြား နှစ်ဌာနဖွဲ့စည်းပြီး ရန်ကုန်မြို့ ဘောင်ဒရီလမ်း၊ အမှတ် ၂၅၃ (ဗမာ့ခေတ်သတင်းစာတိုက်)သို့ ပြောင်းရွှေ့ ဖွဲ့စည်းခဲ့ပါသည်။ ၁၉၆၄ ခုနှစ် နှစ်ဦးတွင် ၂၁၂၊ သိမ်ဖြူလမ်း၊ ပုံနှိပ်ရေးနှင့် စာအုပ် ထုတ်ဝေရေးလုပ်ငန်း အဆောက်အအုံသို့ပြောင်းရွှေ့ခဲ့ပါသည်။ ၁၉၇၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ တွင်လက်ရှိ အဆောက်အအုံသို့ ပြောင်းရွှေ့ခဲ့ပါသည်။ ၁၉၇၂ ခုနှစ်၊ မတ်လ ၁၆ ရက်မှစ၍ သတင်းနှင့်စာနယ်ဇင်းကော်ပိုရေးရှင်း(ယခုသတင်းနှင့် စာနယ်ဇင်း လုပ်ငန်း) လက်အောက်ခံအဖွဲ့အစည်းအဖြစ် သတင်း ရယူရေးနှင့်ထုတ်ပြန်ရေးလုပ်ငန်းများကို ၁၉၈၈ ခုနှစ်နောက်ပိုင်း နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီခေတ်အထိ ခေတ်အဆက်ဆက်ဆောင်ရွက်ခဲ့ပါသည်။

၁၆။ ၂၀၀၆ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့မှစတင်၍ နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးရှိ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း(ရုံးချုပ်)တွင် မြန်မာ့သတင်းစဉ်(ပြည်တွင်း) သတင်းဌာနခွဲအဖြစ် ပြောင်းရွှေ့၍ သတင်းထုတ်ပြန်ရေးတာဝန်များကို ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာ့သတင်းစဉ်(နိုင်ငံခြား)

၁၇။ မြန်မာ့သတင်းစဉ်(နိုင်ငံခြား)ကို စတင်တည်ထောင်ချိန်တွင် ပြန်ကြားရေးဌာန ညွှန်ကြားရေးဝန်၏ စီမံအုပ်ချုပ်မှုဖြင့် နိုင်ငံခြားသတင်းဌာနများဖြစ်သည့် တန်ယွတ်၊ ပီတီအိုင်၊ ရိုက်တာ၊ ယွန်ဟပ်၊ ဆင်ဟွာ စသည့် သတင်းဌာန ၁၆ ခုတို့မှပေးပို့သော သတင်းများကို Teleprinter စနစ်ဖြင့် ဖမ်းယူထုတ်ဝေခဲ့ပါသည်။ ၂၀၀၄ ခုနှစ်ဦးပိုင်းတွင် Teleprinter များသည် လုပ်ငန်းခွင်၌ အခက်အခဲဖြစ်ပေါ်၍ ရုပ်သိမ်းခဲ့ပါသည်။ သို့ပါ၍ ၂၀၀၄ ခုနှစ်တွင် ဆင်ဟွာသတင်းဌာနက တာဝန်ယူ၍ ဂြိုလ်တုစလောင်းများတပ်ဆင်ပေးခဲ့ရာ Computer စနစ်သို့ ပြောင်းလဲ ထုတ်ဝေခဲ့ပါသည်။

၁၈။ မြန်မာ့သတင်းစဉ်(နိုင်ငံခြား) သတင်းအဖွဲ့သည်လည်း ရန်ကုန်မှ နေပြည်တော်ကောင်စီ နယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ နေပြည်တော်သတင်းစာတိုက်သို့ ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာ(၁၁)ရက် နေ့မှစတင်၍ ဌာနတစ်ခုလုံးပြောင်းရွှေ့လာပြီး နိုင်ငံခြားသတင်းများကို ဖမ်းယူရိုက်နှိပ်၍ သတင်းလွှာထုတ်ဝေဖြန့်ချိသည့်လုပ်ငန်းများကို ၂၀၁၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ ဆောင်ရွက်ခဲ့ကြပြီး အင်တာနက်ခေတ် ထွန်းကားလာသည်နှင့်အညီ online မှ နိုင်ငံခြားသတင်းများကို ဖမ်းယူကြည့်ရှုနိုင်ပြီးဖြစ်သည့်အတွက် သတင်းလွှာထုတ်ဝေဖြန့်ချိသည့်လုပ်ငန်းများကို ၂၀၁၅ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှ စတင်ရပ်နား ခဲ့ပါသည်။ သို့ရာတွင် Reuters, Xinhua, NHK, PTI, KPL, AFP သတင်းဌာနများမှ နိုင်ငံခြားသတင်းများကို ဂြိုလ်တုစလောင်းနှင့်အင်တာနက်တို့မှဖမ်းယူ၍ အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာ သို့ပြန်ဆိုပြီး ပြည်သူ့ရှေ့မှောက်သို့ ချပြသည့်လုပ်ငန်းများကိုမူ ယနေ့အထိ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။

၁၉။ မြန်မာ့သတင်းစဉ်(ပြည်တွင်း)သည် နေ့စဉ်သတင်းလွှာ(တစ်စောင်)ကို ည ၈ နာရီတွင် ဖြန့်ဝေခဲ့ပြီး မြန်မာ့သတင်းစဉ်(နိုင်ငံခြား)သည် နေ့စဉ်​တစ်နေ့သုံးကြိမ် သတင်းလွှာ(သုံးစောင်) ကို ထုတ်ဝေပြီး တနင်္ဂနွေနေ့တွင်တစ်ကြိမ်သာထုတ်ဝေပါသည်။ တစ်ကြိမ်ထုတ်စောင်ရေမှာ ပျမ်းမျှ ၂၀၀ ခန့်ရှိပါသည်။ ၂၀၁၅ ခုနှစ်၊ ဧပြီလ ၁ ရက်တွင် ပြောင်းလဲလာသည့်ခေတ်ကာလအရ သတင်းလွှာထုတ်ဝေခြင်းကို ရပ်ဆိုင်းခဲ့ပါသည်။

Myanmar Digital News

၂၀။ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှ နေ့စဉ်ပုံနှိပ်ထုတ်ဝေလျက်ရှိသည့် နေ့စဉ်ထုတ်သတင်းစာများကို Digital Newspaper အဖြစ် တိုးမြှင့်ထုတ်လွှင့်ရန်အတွက် Megalink Advance Technologies Co.,Ltd နှင့်အကျိုးတူပူးပေါင်း၍ (Partnership) ပုံစံဖြင့် (၇-၃-၂၀၁၈) ရက် နေ့တွင် စာချုပ်ချုပ် ဆိုပြီးဆောင်ရွက်ခဲ့ပါသည်။

၂၁။ Mobile Application နှင့်မြန်မာ/အင်္ဂလိပ် နှစ်ဘာသာဖြင့်ဖတ်ရှုနိုင်အောင် News Portal တစ်ခုကို ဆောင်ရွက်ခဲ့ရာ ၁၅-၁၂-၂၀၁၇ ရက်နေ့တွင် မြန်မာဘာသာပိုင်းကို လည်းကောင်း၊ ၂၉-၁၂-၂၀၁၇ ရက်နေ့တွင် အင်္ဂလိပ်ဘာသာပိုင်းကိုလည်းကောင်း စမ်းသပ်ထုတ်လွှင့်ခဲ့ပြီး ၁၁-၁-၂၀၁၈ ရက်နေ့တွင် Myanmar Digital News အမည်ဖြင့်စတင်မိတ်ဆက်ထုတ်လွှင့်ခဲ့ပါသည်။

၂၂။ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းသည် Digital Newspaper နှင့် News Portal တို့အပြင် Facebook Page ပါဝင်သော News Network တစ်ခုတည်ထောင်ပြီး သတင်းမှန် ပြန်ကြားခြင်းကို နိုင်ငံတကာအထိ ထိုးဖောက်ထုတ်လွှင့်နိုင်ရန်၊ Tablet, Mobile Phone များတွင် အလွယ်တကူ ဖတ်ရှုနိုင်စေရန်၊ သတင်းစာပို့ဆောင်ရန် ခက်ခဲသည့်ဒေသများ၊ အချိန်မီမရောက်ရှိသည့်ဒေသများနှင့် နိုင်ငံရပ်ခြားသို့ရောက်ရှိနေသည့် မိမိနိုင်ငံသားများ အလွယ်တကူဖတ်ရှုသိရှိနိုင်စေရန်နှင့် ပြည်သူနဲ့အစိုးရကြား ပေါင်းကူးတံတားအဖြစ် ဆောင်ရွက်လျက်ရှိပါသည်။