ရုံးအမှတ် (၂၉)၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

Listing Description

၁။ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိသည့်အချိန်တွင် သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး လုပ်ငန်းများကို ရေကြောင်းနှင့် မြို့ပြလေကြောင်းဝန်ကြီးဌာနနှင့် သယ်ယူပို့ဆောင်ရေး၊ စာတိုက်နှင့် ကြေးနန်းဆက်သွယ်ရေးဝန်ကြီးဌာနဟူ၍ ဝန်ကြီးဌာနနှစ်ခုခွဲ၍ ဖွဲ့စည်းခဲ့ပါသည်။ ၁၉၆၁ ခုနှစ်တွင် အထက်ပါဝန်ကြီးဌာနနှစ်ခုကို ပေါင်းစည်း၍ သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းကာ ဌာနများကိုလည်း တိုးချဲ့၍ အောက်ပါဌာနများဖြင့် ဖွဲ့စည်းခဲ့ပါသည်-

(က) မီးရထားအုပ်ချုပ်ရေးဘုတ်အဖွဲ့၊

(ခ ) ပြည်တွင်းလေကြောင်း သယ်ယူပို့ဆောင်ရေးဘုတ်အဖွဲ့၊

(ဂ ) ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးဘုတ်အဖွဲ့၊

(ဃ) ရေကြောင်းဌာန၊

(င ) ရန်ကုန်ဆိပ်ကမ်း အုပ်ချုပ်ရေးဘုတ်အဖွဲ့၊

(စ ) မြို့ပြလေကြောင်းဌာန၊

(ဆ) မိုးလေဝသဌာန၊

(ဇ ) စာတိုက်နှင့်ကြေးနန်းဌာန၊

(ဈ) မြန်မာနိုင်ငံ ကြယ်ငါးပွင့်သင်္ဘော သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊

(ည) ကုန်းလမ်းနှင့် ပြည်တွင်းရေကြောင်း အာဏာပိုင်အဖွဲ့။

၂။ ထိုမှတဖန် ၁၉၇၂ ခုနှစ်တွင် နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများကို ကော်ပိုရေးရှင်းအမည်များဖြင့် ပြောင်းလဲ၍လည်းကောင်း၊ ဝန်ကြီးဌာနကိုလည်း ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနဟူ၍လည်းကောင်း ပြင်ဆင်၍ လုပ်ငန်းဌာနပေါင်း (၁၇)ခုဖြင့် ဖွဲ့စည်းခဲ့ပါသည်။

၃။ ၁၉၇၂ ခုနှစ်၊ မတ်လ (၁၅)ရက်နေ့တွင် ရေကြောင်းပညာသိပ္ပံကျောင်းကို ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနတွင် ဖွဲ့စည်းခဲ့သည်။

၄။ ၁၉၉၂ ခုနှစ်၊ ဇန်နဝါရီလ (၂၉)ရက်နေ့တွင် ကျင်းပပြုလုပ်သော အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၄/၉၂)၏ သဘောတူဆုံးဖြတ်ချက်အရ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနနှင့် ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနဟူ၍ ဝန်ကြီးဌာန (၃)ခုအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

၅။ ပို့ဆောင်ရေးဝန်ကြီးဌာန စတင်ဖွဲ့စည်းစဉ်က ဦးစီးဌာန (၄)ခု၊ စီးပွားရေးအဖွဲ့အစည်း (၅)ခု၊ ကျောင်း (၁)ကျောင်း၊ စုစုပေါင်းဌာန (၁၀)ခု ပါဝင်ခဲ့ပါသည်။ ၎င်းတို့မှာ-

(က) ပို့ဆောင်ရေးဦးစီးဌာန၊

(ခ ) လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊

(ဂ ) ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊

(ဃ) ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊

(င ) မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊

(စ ) ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊

(ဆ) မြန်မာ့လေကြောင်း၊

(ဇ ) မြန်မာ့သင်္ဘောကျင်းလုပ်ငန်း၊

(ဈ ) မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်း၊

(ည) ရေကြောင်းပညာသိပ္ပံတို့ ဖြစ်ပါသည်။

၆။ ရထားပို့ဆောင်ရေးဝန်ကြီးဌာန စတင်ဖွဲ့စည်းစဉ်က ဦးစီးဌာန (၂)ခု၊ စီးပွားရေးအဖွဲ့အစည်း (၂)ခု၊ ကျောင်း(၁) ကျောင်း၊ စုစုပေါင်းဌာန(၅)ခု ပါဝင်ခဲ့ပါသည်။ ၎င်းတို့မှာ-

(က) ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊

(ခ ) ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊

(ဂ ) မြန်မာ့မီးရထား၊

(ဃ) ကုန်းလမ်းပို့ဆောင်ရေး၊

(င ) ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတို့ ဖြစ်ပါသည်။

၇။ ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန စတင်ဖွဲ့စည်းစဉ်က ဦးစီးဌာန (၂)ခု၊ စီးပွားရေး အဖွဲ့အစည်း (၁)ခု၊ စုစုပေါင်းဌာန (၃)ခု ပါဝင်ခဲ့ပါသည်။ ၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၃)ရက်နေ့တွင် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနကို အောက်ပါအတိုင်း ဖွဲ့စည်းခဲ့ပါသည်-

(က) မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊

(ခ ) ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊

(ဂ ) မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့ ဖြစ်ပါသည်။

၈။ ၁၉၉၉ ခုနှစ်၊ သြဂုတ်လ (၁၉)ရက်နေ့တွင် ကျင်းပပြုလုပ်သော အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၃၀/၉၉)၏ သဘောတူဆုံးဖြတ်ချက်အရ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအား ၁၉၉၉ ခုနှစ်၊ သြဂုတ်လ (၂၀)ရက်နေ့မှစ၍ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ ပို့ဆောင်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းဖွဲ့စည်းခဲ့ပါသည်။

၉။ ၂၀၀၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၇)ရက်နေ့တွင် ကျင်းပပြုလုပ်သော အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၆/၂၀၀၂)၏ သဘောတူဆုံးဖြတ်ချက်အရ သြဂုတ်လ (၁)ရက်နေ့တွင် မြန်မာနိုင်ငံ ရေကြောင်း ပညာတက္ကသိုလ်ကို စတင်ဖွဲ့စည်းတည်ထောင်၍ ပို့ဆောင်ရေးဝန်ကြီးဌာနတွင် တိုးချဲ့ ထည့်သွင်းဖွဲ့စည်း ခဲ့ပါသည်။

၁၀။ ၂၀၀၉ ခုနှစ်၊ မတ်လ (၂၅)ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၂/၂၀၀၉)၏ ဆုံးဖြတ်ချက်အရ ရေကြောင်းပညာသိပ္ပံမှ မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်အဆင့်သို့ အဆင့်မြှင့်ဖွင့်လှစ်ခဲ့ပါသည်။

၁၁။ ၂၀၁၀ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့တွင် မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းအား နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံး၏ ၂၀၁၀ ပြည့်နှစ်၊ မတ်လ (၁၆)ရက်နေ့စွဲပါ စာအမှတ်၊ ၄၁၅/၃-၂/နယက လမ်းညွှန်ချက်အရ ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးဦးပိုင်လီမိတက်သို့ လွှဲပြောင်းပေးခဲ့ပါသည်။

၁၂။ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ (၉)ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတရုံး၏ ၉-၁၁-၂၀၁၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၈၃/၂၀၁၂)ဖြင့် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနအား ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီး ဌာနအဖြစ် ပြည်ထောင်စုဝန်ကြီးဌာနအမည်ကို ပြောင်းလဲသတ်မှတ်ခဲ့ပါသည်။

၁၃။ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၂၄)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၁၉/၂၀၁၅)မှ သဘောတူညီချက်အရ မြန်မာအမျိုးသားလေကြောင်း နည်းဥပဒေအား ပို့ဆောင်ရေးဝန်ကြီးဌာန၏ ၁၁-၁၂-၂၀၁၅ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၃၁/၂၀၁၅)ဖြင့် ထုတ်ပြန်ပြီး ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ၄-၅-၂၀၁၅ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၇၀/၂၀၁၅)ဖြင့် မြန်မာ့လေကြောင်းပိုင် ပစ္စည်းများအားလုံးနှင့် လုပ်ငန်းတာဝန်များကို မြန်မာ အမျိုးသားလေကြောင်း (မြန်မာအမျိုးသားလေကြောင်း ကုမ္ပဏီလီမိတက်)သို့ လွှဲပြောင်း ဆက်ခံ ခွင့်ပြုခဲ့ပါသည်။

၁၄။ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ (၁၅-၁-၂၀၁၅)ရက်စွဲပါ အမိန့်ကြော်ငြာစာ (၅၉/၂၀၁၅)အရ ပို့ဆောင်ရေးဦးစီးဌာနအား ဖျက်သိမ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ (၁၇-၉-၂၀၁၄)ရက်စွဲပါ စာအမှတ်၊ ၁၂၂၀/၂၅၂-အတွင်းဝန်/အဖရ(၂၀၁၄)အရ အမြဲတမ်းအတွင်းဝန်ရုံးအဖြစ် ၂၀၁၅ ခုနှစ်၊ ဧပြီလ (၁)ရက် နေ့မှစတင်၍ ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။

၁၅။ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၁၅)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၁၅)အရ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနအား ဖျက်သိမ်း၍ (၁-၄-၂၀၁၅) ရက်နေ့တွင် ဝန်ထမ်း (၁၃၀)ဦးအား အမြဲတမ်းအတွင်းဝန်ရုံးသို့ သွတ်သွင်းခြင်းဖြင့်လည်းကောင်း၊ ကျန်ဝန်ထမ်းများကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသို့ သွတ်သွင်းပေါင်းစည်းခြင်းဖြင့် လည်းကောင်း ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

၁၆။ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၁၅)ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၁၅)အရ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၉/၂၀၁၅)ဖြင့် သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနကို ၂၀၁၅ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့မှစတင်၍ တည်ထောင် ဖွဲ့စည်းခဲ့ပါသည်။

၁၇။ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၁၅)ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၁၅)အရ ၂၀၁၅ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့တွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနကို အောက်ဖော်ပြပါ ဌာနအဖွဲ့အစည်းများဖြင့် ပြောင်းလဲပြင်ဆင်ဖွဲ့စည်းလိုက်ပါသည်-

(က) ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊

(ခ ) သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊

(ဂ ) မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊

(ဃ) မြန်မာ့စာတိုက်လုပ်ငန်း။

၁၈။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ ၃၀-၃-၂၀၁၆ ရက်စွဲပါ အမိန့်အမှတ် (၃/၂၀၁၆)ဖြင့် ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာဝန်ကြီးဌာနတို့အား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအဖြစ် ပြည်ထောင်စုဝန်ကြီးဌာနအမည်ကို ပြောင်းလဲသတ်မှတ်ခဲ့ပါသည်။

၁၉။ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၂/၂၀၂၀)၏ သဘောတူခွင့်ပြုချက်ဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ၃၀-၇-၂၀၂၀ ရက်စွဲပါ စာအမှတ်၊ ပဆ-၁/ဝထ(ဖွဲ့စည်းပုံ)/၂၀၂၀(၂၅၀)၊ အမိန့်ကြော်ငြာစာအမှတ် (၁၇၅/၂၀၂၀)အရ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနကို ၁-၈-၂၀၂၀ ရက်နေ့မှ စတင်၍ အသစ်ဖွဲ့စည်းခဲ့ပါသည်။

၂၀။ ယခုအချိန်တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတွင် အောက်ပါဦးစီးဌာန (၈)ခု၊ စီးပွားရေးအဖွဲ့အစည်း (၈)ခုနှင့် ကျောင်း(၃) ကျောင်း၊ စုစုပေါင်း ဌာန/အဖွဲ့အစည်း/ကျောင်း (၁၉)ခုဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည် -

(က) ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊

(ခ ) ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊

(ဂ ) ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊

(ဃ) လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊

(င ) ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊

(စ ) ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊

(ဆ) မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊

(ဇ ) သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊

(ဈ ) မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊

(ည) မြန်မာ့မီးရထား၊

(ဋ ) ကုန်းလမ်းပို့ဆောင်ရေး၊

(ဌ ) ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊

(ဍ ) မြန်မာအမျိုးသားလေကြောင်း၊

(ဎ ) မြန်မာ့သင်္ဘောကျင်းလုပ်ငန်း၊

(ဏ) မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊

(တ) မြန်မာ့စာတိုက်လုပ်ငန်း၊

(ထ) မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၊

(ဒ ) မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်၊

(ဓ ) ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း။