ရုံးအမှတ် (၂၁)၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန

Listing Description

နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် သိပ္ပံနှင့်နည်းပညာကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဤကဏ္ဍဆိုင်ရာ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့သည် အရေးပါသော အခြေခံအချက်များဖြစ်သဖြင့် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနကို ၁၉၉၆ ခုနှစ်၊ အောက်တိုဘာလ (၂) ရက်နေ့တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၏ အမိန့်အမှတ် (၃၆/၉၆)ဖြင့် စတင်ဖွဲ့စည်းခဲ့ ပါသည်။ ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ပညာရေးဝန်ကြီးဌာနနှင့်ပေါင်းစည်းခဲ့ပြီး၊ ၂၀၂၁ ခုနှစ် ဇွန်လ (၁၇) ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် (၁၃၈/၂၀၂၁)ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

သိပ္ပံနှင့်နည်းပညာကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်သို့ ရောက်ရှိနေသော နည်းပညာတက္ကသိုလ် (၃၃)ခုနှင့် ကွန်ပျူတာတက္ကသိုလ် (၂၇)ခုတို့ကို ယခင်ကာလများနည်းတူ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန၏ ကွပ်ကဲမှုဖြင့်လည်းကောင်း၊ နိုင်ငံတော်အတွက် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေးအတွက် သက်မွေးသင်တန်းကျောင်း(၇)ခု၊ နည်းပညာအထက်တန်းကျောင်း (၃၅)ခု၊ အစိုးရစက်မှုလက်မှုသိပ္ပံ(၂၅)ခု၊ အစိုးရနည်းပညာကောလိပ်(၃)ခုတို့ကို နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၏ ကွပ်ကဲမှုဖြင့်လည်းကောင်း၊ သုတေသန ဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာပိုင်းဆိုင်ရာ ထောက်ပံ့ဖြန့်ဝေပေးနိုင်ရေး၊ ဆောင်ရွက်နိုင်ရေးတို့အတွက် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ အစီအမံများဖြင့် လည်းကောင်း၊ နိုင်ငံပိုင်စက်ရုံများနှင့် ပုဂ္ဂလိကပိုင် စက်မှုလုပ်ငန်းများအတွက် လိုအပ်သော စက်ပစ္စည်း၊ ဒီဇိုင်း၊ နည်းပညာထောက်ပံ့ပေးနိုင်ရေးအတွက် နည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၏ ဆောင်ရွက်မှုများဖြင့်လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကျန်းမာရေးဆိုင်ရာနှင့် ဇီဝနည်းပညာဆိုင်ရာ အထောက်အပံ့များ ဆောင်ရွက်နိုင်ရေးအတွက် ဇီဝနည်းပညာသုတေသနဦးစီးဌာန၏ အစီအမံများဖြင့် လည်းကောင်း၊ စက်ရုံအလုပ်ရုံများနှင့် ကုသရေးစင်တာများတွင် ဓာတ်ရောင်ခြည် အန္တရာယ်ကင်းရှင်းစေရေးတို့အတွက် အဏုမြူစွမ်းအင်ဦးစီးဌာန၏ အစီအမံများဖြင့် လည်းကောင်း၊ ဝန်ကြီးဌာနတစ်ခုလုံးအတွက် အရည်အသွေးအာမခံမှုနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခေတ်ကာလအရ    မဖြစ်မနေလိုအပ်မှုအား လေ့လာဆန်းစစ် အကဲဖြတ်ရေးဦးစီးဌာန၏ လေ့လာဆန်းစစ်မှုများဖြင့်လည်းကောင်း ဆောင်ရွက်နိုင်ရေးအတွက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာန(၇)ခုတို့ဖြင့် စုဖွဲ့ဆောင်ရွက်လျက်ရှိ ပါသည်။