ရုံးအမှတ် (၁၇)၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့

Listing Description

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေကို ၂ဝဝ၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၄၃ အရ ၂၈-၁၀-၂၀၁၀ ရက်စွဲနေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ် ၂၄/၂၀၁၀ ဖြင့်ပြဌာန်းခဲ့ပါသည်။ ပြည်ထောင်စုရာထူးဝန် အဖွဲ့သည် ၁၉၇၇ခုနှစ်၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ ဥပဒေအရ ဖွဲ့စည်းခဲ့သော ဝန်ထမ်းရွေးချယ်လေ့ကျ င့်ရေးအဖွဲ့ကို ဆက်ခံသောအဖွဲ့ ဖြစ်ပါသည်။ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေအရအဖွဲ့ကို ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်အနည်းဆုံး(၅)ဦးမှ အများဆုံး(၇)ဦးဖြင့် ဖွဲ့စည်းရပါမည်။ အဖွဲ့၏တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေအခန်း(၃)တွင် ပြဌာန်းထားပါသည်။ ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် နိုင်ငံ့ဝန်ထမ်းဆိုင်ရာ အာဆီယံကွန်ဖရင့်တွင် မြန်မာနိုင်ငံကိုယ်စားပြု ဆက်သွယ်ဆောင်ရွက်နေသော အဖွဲ့အစည်း ဖြစ်ပါသည်။

 

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏နောက်ခံသမိုင်း

မြန်မာနိုင်ငံမှာ လွန်ခဲ့သည့်နှစ်ပေါင်း၂၀၀၀ကျော် မြန်မာဘုရင်များ၏ အုပ်ချုပ်မှုအောက် အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် တည်ရှိခဲ့စဉ်တည်းက မင်းမှုထမ်း များအား ရွေးချယ်ခန့်ထားသည့် စနစ်၊ စံနှုန်းများနှင့်အညီ လက်ရုံးရည်၊ နှလုံးရည်၊ သတ္တိ၊ ဗျတ္တိ၊ ထူးချွန်ထက်မြက်သော အမှုတော်ထမ်းများ ရရှိစေရန်အတွက် ပြိုင်ပွဲများ၊ စာပြန်ပွဲများ ကုန်းဘောင်နှောင်းခေတ်ကာလ မြန်မာမင်းများလက်ထက် ဝန်ထမ်းခန့်ထားသည့်စနစ်အနေဖြင့် နေပြည်တော်အုပ်ချုပ်ရေးအဆင့်နှင့် ဒေသန္တရအုပ်ချုပ်ရေးအဆင့်ဟူ၍ တိကျစွာသတ်မှတ်ထားပြီး နေပြည်တော် သို့မဟုတ် ဗဟိုအဆင့်တွင် လွှတ်ရုံးငါးရပ်ဟု ခေါ်တွင်သော လွှတ်တော်၊ ဗြဲတိုက်၊ ရှေ့ရုံး၊ နောက်ရုံး၊ တရားရုံးတို့ကို ဖွဲ့စည်းထားရှိပါတယ်။

 

မြန်မာဘုရင်ခေတ်မှာ အမှုထမ်းများကို ယေဘုယျအားဖြင့် ရိုးရာအမှုထမ်းများနဲ့ဆိုင်ရာပုဂ္ဂိုလ်၏ အရည်အချင်းအလိုက် ခန့်ထားသော အမှုထမ်းများဆိုပြီး ၂ မျိုးခွဲခြားနိုင်ပါသည်။ ခန့်ထားရာမှာလည်း ပြန်တမ်းကြီးခံ၊ ပြန်တမ်းရိုးခံနဲ့ အမိန့်တော်မှာတမ်း၊ အမိန့်တော်မှတ်သားချက်အရ ခန့်ထားသူများဆိုပြီး ၃ မျိုး ခွဲခြားထားခဲ့ပါသည်။

ဗြိတိသျှကိုလိုနီအုပ်ချုပ်မှုအတွင်း မြန်မာဘုရင်များ၏ မြို့ပြအုပ်ချုပ်ရေးစနစ်ကို ဖျက်သိမ်းခဲ့ပြီး အိန္ဒိယနိုင်ငံတွင် စတင်အခြေချ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ဗြိတိသျှကိုလိုနီနိုင်ငံဝန်ထမ်းစနစ်ကို မြန်မာနိုင်ငံအတွင်းသို့ အစားထိုးကျင့်သုံးဆောင်ရွက်လာခဲ့ပါသည်။ နိုင်ငံ့ဝန်ထမ်း အရာရှိအများစုမှာ ဗြိတိသျှ သို့မဟုတ် အိန္ဒိယနိုင်ငံသားများဖြစ်ပြီး အိန္ဒိယမြို့ပြဝန်ထမ်း (India Civil Service) ၏အစိတ်အပိုင်းအဖြစ် ဖွဲ့စည်းခဲ့ပါသည်။ ဗြိတိသျှကိုလိုနီ ခေတ်ဝန်ထမ်းတို့၏ အဓိကဦးတည်ဆောင်ရွက်ချက်မှာ ငြိမ်ဝပ်ပိပြားရေး/ တရားဥပဒေစိုးမိုးရေးနှင့်အခွန်ကောက်ခံရေးတို့ပင်ဖြစ်ပါသည်။

 

မြန်မာနိုင်ငံတွင် ရာထူးဝန်အဖွဲ့များ ဖွဲ့စည်းခြင်းမပြုနိုင်မီ ဗြိတိသျှကိုလိုနီခေတ်ကာလ ၁၈၈၁ ခုနှစ်၌ မြန်မာနိုင်ငံဝန်ထမ်းအဖွဲ့အစည်းအသီးသီးတွင် သင့်တော် သူများကို ရွေးချယ်ခန့်ထားနိုင်ရေးအတွက် မြို့အုပ်များနှင့်စာရေး၊ စာချီများအား ယှဉ်ပြိုင်ရေးဖြေစာမေးပွဲစနစ်ဖြင့် ပညာရေးဆင်ဒီကိတ် (Educational Syndicate)ခေါ် အဖွဲ့က ရှေးဦးစွာ စစ်ဆေးရွေးချယ်ခဲ့ပါသည်။ ပထမဦးဆုံးသောရာထူးဝန်အဖွဲ့ဟုသတ်မှတ်နိုင်ပါသည်။ ၁၉၁၉ ခုနှစ်တွင် အဆိုပါ ပညာရေး ဆင်ဒီကိတ်အဖွဲ့ကို ဖျက်သိမ်းပြီး အဆင့်မြင့်တန်းနှင့်အငယ်တန်းဝန်ထမ်းများကို ရွေးချယ်ခန့်ထားနိုင်ရန်အတွက် ရွေးချယ်ခန့်ထားရေးအဖွဲ့ (Selection Board) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။ ဤအဖွဲ့သည် ရွေးချယ်ရေးနှင့်ခန့်အပ်ရေးတို့အတွက် လုပ်ပိုင်ခွင့်ရှိသော ဒုတိယမြောက်ရာထူးဝန်အဖွဲ့ပင်ဖြစ်ပါ သည်။

၁၉၃၅ ခုနှစ်၊ မြန်မာနိုင်ငံအစိုးရအက်ဥပဒေအရ ရာထူးဝန်အဖွဲ့ကို ၁၉၃၇ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။ အဆိုပါ ရာထူးဝန်အဖွဲ့မှ မြန်မာ နိုင်ငံတွင် တတိယမြောက်ဖွဲ့စည်းခဲ့သည့် ရာထူးဝန်အဖွဲ့ဖြစ်ပါသည်။ ဂျပန်ခေတ်ကာလ ၁၉၄၅ ခုနှစ်တွင် မြန်မာနိုင်ငံဝန်ထမ်းအဖွဲ့အစည်းများကို စနစ်တကျ ပြန်လည်ဖွဲ့စည်းနိုင်ရန် ဆောင်ရွက်ခဲ့ရာ ထိုစဉ်က ဖွဲ့စည်းခဲ့သောအဖွဲ့သည် မြန်မာနိုင်ငံ၏ စတုတ္ထမြောက်ရာထူးဝန်အဖွဲ့ ဖြစ်ပါသည်။

၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံသည် လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်လာပြီးနောက် ၁၉၅၃ ခုနှစ်တွင် ဝန်ထမ်းများ ရွေးချယ်ခန့်ထားနိုင်ရန် အတွက် ပြည်ထောင်စရာထူးဝန်အဖွဲ့ ကို ဖွဲ့စည်းခဲ့ပါသည်။ ဤအဖွဲ့သည် ပဉ္စမမြောက်ရာထူးဝန်အဖွဲ့ ဖြစ်ပါသည်။

၁၉၇၂ ခုနှစ်၊ မေလ (၄) ရက်နေ့တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ကို ဖျက်သိမ်း၍ ဗဟိုပြည်သူ့ဝန်ထမ်းများရွေးချယ်လေ့ကျင့်နေရာချထားရေးအဖွဲ့ဟု ပြုပြင် ဖွဲ့စည်းခဲ့ပါသည်။ ဤဗဟိုပြည်သူ့ ဝန်ထမ်းများ ရွေးချယ်လေ့ကျင့်နေရာချထားရေးအဖွဲ့သည် အမည်အားဖြင့် ရာထူးဝန်အဖွဲ့ဟု ခေါ်ဝေါ်သတ်မှတ်ခြင်း မပြု ခဲ့သော်လည်း ရာထူးဝန်အဖွဲ့၏ လုပ်ငန်းတာဝန်များကိုပင် တာဝန်ခံဆောင်ရွက်ရသည့် အဖွဲ့အစည်းဖြစ်ရာ ဆဋ္ဌမမြောက်ဖွဲ့စည်းခဲ့သည့် ရာထူးဝန်အဖွဲ့ပင် ဖြစ် ပါသည်။

၁၉၇၇ ခုနှစ်တွင် နိုင်ငံတော်ကောင်စီသည် ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ဥပဒေကို ပြဋ္ဌာန်းပေးခဲ့ပါသည်၊ ယင်းဥပဒေအရ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေး အဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည်။ ဤအဖွဲ့သည် သတ္တမမြောက်ဖွဲ့စည်းခဲ့သည့် ရာထူးဝန်အဖွဲ့ပင်ဖြစ်ပါသည်။ အဖွဲ့သည် နိုင်ငံတော်၏ အဆင့်အမြင့်ဆုံးအာဏာပိုင်ကို တိုက်ရိုက်တာဝန်ခံရပြီး ယခင်ကကဲ့သို့ ဝန်ထမ်းများရွေးချယ်ခြင်း၊ လေ့ကျင့်ခြင်းလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ခြင်းအပြင် ဝန်ထမ်းအဖွဲ့အစည်းများ၏ ဖွဲ့စည်းပုံကိုစိစစ်ခြင်း၊ ဝန်ထမ်းဆိုင်ရာစည်းမျဉ်းများ၊ စည်းကမ်းသတ်မှတ်ချက်များ၊ လုပ်ထုံးလုပ်နည်းများ၊ စံနှုန်းများနှင့် မူဝါဒလမ်းညွှန်ချက်များ ချမှတ် နိုင်ရေးတို့အတွက် နိုင်ငံတော်၏အဆင့်အမြင့်ဆုံးအာဏာပိုင်အား အထောက်အကူပြုရပါသည်။ သို့ဖြစ်၍ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့သည် မြန်မာ နိုင်ငံတွင် ဝန်ထမ်းရေးရာကိစ္စအဝဝကို တစ်စုတစ်ပေါင်းတည်းပြုထားသည့် တာဝန်များကို တာဝန်ယူဆောင်ရွက်ရသည့် ဗဟိုဝန်ထမ်းရေးရာ အဖွဲ့အစည်း (Central Personnel Agency) တစ်ရပ်အသွင် ဆောင်ခဲ့ပါသည်။

တစ်ဖန် ၂၀၁၀ ပြည့်နှစ် ၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေကို ပြဋ္ဌာန်းပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ ၂၀၁၁ ခုနှစ်၊ မတ်လ(၃၀) ရက်နေ့တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ကို ဖွဲ့စည်း ခဲ့ပါသည်။ အဋ္ဌမမြောက် ရာထူးဝန်အဖွဲ့ ဖြစ်ပါသည်။ ဆက်လက်ပြီး ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ၂၀၁၀ ခုနှစ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ၂၀၁၆ ခုနှစ်၊ ဧပြီလတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ကို အသစ်ပြန်လည် ဖွဲ့စည်းခဲ့ပါသည်။ နဝမမြောက် ရာထူးဝန်အဖွဲ့ဖြစ်ပါသည်။

ကနဦးရာထူးရွေးချယ်ခန့်ထားရေးတာဝန်ကိုပဲ ထမ်းဆောင်ခဲ့ရပြီး ၁၉၇၂ မှာ အသစ်ဖွဲ့စည်းသည့် ဗဟိုပြည်သူ့ဝန်ထမ်းများရွေးချယ်လေ့ကျင့်နေရာချထား ရေးအဖွဲ့နှင့် ပူးပေါင်းဖွဲ့စည်းခဲ့ပြီး လေ့ကျင့်ရေးတာဝန်တွေပါ ဆောင်ရွက်ခဲ့တယ်။ ၁၉၇၇ ခုနှစ် ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေးအဖွဲ့၊ ဥပဒေအရ သတ်မှတ် ထားသော အဓိကတာဝန်များမှာ နိုင်ငံတော်၏ ဝန်ထမ်းအဖွဲ့အစည်းများတွင် လိုအပ်သောဝန်ထမ်းများကို ရွေးချယ်ခြင်းနှင့် လေ့ကျင့်ခြင်း၊ ဝန်ထမ်းဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများ၊ မူဝါဒလမ်းညွှန်ချက်များ ချမှတ်နိုင်ရေးအတွက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီအား အထောက်အကူပြုခြင်း နှင့် ဝန်ထမ်းရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ သုတေသနပြုလုပ်ခြင်းတို့ ဖြစ်ပါသည် ။

၂၀၁၆ ခုနှစ်၊ ဧပြီလ (၅) ရက်နေ့မှာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌအဖြစ် ဦးဝင်းသိမ်း၊ အဖွဲ့ဝင်များအဖြစ် ဦးဝင်းမော်၊ ဦးသန်းထွန်း၊ ဒေါက်တာဦးပွားနှင့် ဦးစောဗယ်လင်တိုင်းတို့ပါဝင်သည့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ရည်မှန်းချက်

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ရည်မှန်းချက်မှာ အောက်ပါအတိုင်းဖြစ်သည် –

(၁) တပ်မတော်နှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့မှအပ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းကြီးများတွင် ခန့်ထားနိုင်ရန်အတွက် အရည်အချင်းပြည့်ဝသော ပြန်တမ်းဝင်အရာရှိ များ စုဆောင်းရွေးချယ်ပေးရန်၊

(၂)နိုင်ငံတော်အစိုးရအဖွဲ့၏ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များအပေါ်မူတည်ပြီး ပြည်သူ့ဝန်ထမ်းများ စွမ်းဆောင်ရည်ပိုမိုမြှင့်တင်နိုင်ရေး၊ ပြည်သူ့ဝန်ထမ်း တစ်ဦး၏ အဓိကစံတန်ဖိုးများဖြစ်သည့် ရိုးသားခြင်း(Honesty)၊ ဖြောင့်မတ်သမာဓိ ရှိခြင်း(Integrity)၊ ဓမ္မဓိဋ္ဌာန်ကျစွာပြုမူခြင်း (Objectivity)၊ ဘက်မလိုက်ခြင်း (Impartiality) တို့ကို ပိုမိုခံယူကျင့်သုံးတန်ဖိုးထားတတ်စေရေးဆောင်ရွက်ရန်၊

(၃) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥပဒေ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများနှင့်အညီ ပြည်သူ့ဝန်ထမ်းများအား ပြည်သူ့ဝန်ကိုထမ်းမည့်သူ၊ ပြည်သူများ၏လိုအပ်ချက်ကို ဖြည့်ဆည်း ပေးမည့်သူဟူသည့် စိတ်ဓာတ်မျိုးထားရှိနိုင်ရေးနှင့် ပိုမိုကောင်းမွန်သော Service Delivery ပေးနိုင်သော ပြည်သူ့ဝန်ထမ်းကောင်းများ ဖြစ်စေရေး ထိရောက်စွာ လေ့ကျင့်ပျိုးထောင်ပေးရန်၊

(၄) ဝန်ထမ်းများ၏ အရည်အသွေးနှင့်စွမ်းဆောင်ရည် မြှင့်တင်နိုင်ရေးအတွက် ပြည်တွင်း၌ သင်တန်းများဖွင့်လှစ်ခြင်း၊ နိုင်ငံခြားပညာတော်သင်များ စေလွှတ်ခြင်း၊ ဆွေးနွေးပွဲများနှင့် နှီးနှောဖလှယ်ပွဲများကျင်းပခြင်း စီမံဆောင်ရွက်ရန်၊

(၅) ဝန်ထမ်းဆိုင်ရာကျင့်ဝတ်များ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ စံနှုန်းများသတ်မှတ်ရေးနှင့် မူဝါဒလမ်းညွှန်ချက်များ ချမှတ်နိုင်ရေး အတွက် ပြည်ထောင်စုအစိုးရအား အထောက်အကူပြုရန်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ဦးတည်ချက်

(၁) စတင်ခန့်ပြန်တမ်းဝင်အရာရှိအဆင့်ဝင်ပေါက်ရာထူးများ ရွေးချယ်ခန့်ထားရေးနှင့်နိုင်ငံ့ဝန်ထမ်းများ၏ ရာထူးတိုးမြှင့်ခြင်း၊ ဌာနပြောင်းရွှေ့တာဝန်ထမ်း ဆောင်ခြင်း၊ ဝန်ထမ်းရေးရာခံစားခွင့်စသည်တို့နှင့် စပ်လျဉ်းသည့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများကို စီမံခန့်ခွဲ ဆောင်ရွက်ရန်။

(၂) နိုင်ငံ့ဝန်ထမ်းရာထူးအဆင့်ဆင့်အတွက် သင်တန်းများပို့ချရေး၊ အလယ်အလတ်အဆင့်နှင့်အဆင့်မြင့်အရာထမ်းများအတွက် လေ့ကျင့်ရေးအစီအစဉ်များ၊ ညှိနှိုင်းဆွေးနွေးပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများ ပါဝင်တက်ရောက်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန်။

(၃) နိုင်ငံ့ဝန်ထမ်းများ၏စွမ်းဆောင်ရည်ကို မြှင့်တင်ရန်ရည်ရွယ်လျက် လေ့ကျင့်သင်ကြားရေးဆိုင်ရာသင်တန်းများနှင့် ပညာရေးအစီအစဉ်များကို ဆောင်ရွက်ရန်။

(၄) နိုင်ငံ့ဝန်ထမ်းများအား တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စီမံခန့်ခွဲမှုပြုနိုင်ရန်နှင့်နိုင်ငံ့ဝန်ထမ်းများဆိုင်ရာ ကိစ္စ ရပ်များနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးချက်များဖြင့် ဆွေးနွေးအကြံပြုပေးနိုင်ရန်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဖွဲ့စည်းခြင်း

ပြည်ထောင်စုရာထူးဝန်အဖွဲ့ကို ဥက္ကဌက ဦးဆောင်၍ စီမံလမ်းညွှန်ကြီးကြပ်မှုဖြင့် အဖွဲ့ဝင်(၄)ဦးဖြင့်လည်းကောင်း၊ ဥက္ကဌရုံးအဖွဲ့ကို အရာထမ်း(၁၈)ဦး၊ အမှုထမ်း (၄၄)ဦးဖြင့် လည်းကောင်း၊ ဝန်ထမ်းရေးရာဦးစီးဌာနကို အရာထမ်း (၃၄)ဦး၊ အမှုထမ်း (၁၁၁)ဦးဖြင့် လည်းကောင်း၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေး ဦးစီးဌာနကို အရာထမ်း (၄၆)ဦး၊ အမှုထမ်း (၁၆၆)ဦးဖြင့်လည်းကောင်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)နှင့် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်)တို့တွင် အရာထမ်း (၁၅၀)ဦး၊ အမှုထမ်း (၈၉၀) ဦးစီဖြင့်လည်းကောင်း ဖွဲ့စည်းထားရှိပါသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့အောက်ရှိအဖွဲ့အစည်းများ

ပြည်ထောင်စုရာထူးဝန်အဖွဲ့အောက်ရှိ အဖွဲ့အစည်းများမှာ-

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဌရုံးအဖွဲ့

ဝန်ထမ်းရေးရာဦးစီးဌာန

ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဦးစီးဌာန

ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)

ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)