ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

Listing Description

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သည် နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ရေဆင်းရွာတွင် တည်ရှိသည်။ မြန်မာနိုင်ငံ၏ တစ်ခုတည်းသော စိုက်ပျိုးရေးတက္ကသိုလ်ဖြစ်သည်။ မြေနေရာအားဖြင့် ဧက(၃၆၀)ကျော် ကျယ်ဝန်းပြီး တက္ကသိုလ်စိုက်ကွင်းမှာ ၁၀၂ ဧကရှိသည်။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုအောက်ရှိ တက္ကသိုလ်တစ်ခုလည်းဖြစ်ပြီး နှစ်စဉ် စိုက်ပျိုးရေးသိပ္ပံဘွဲ့ရ(Bachelor of Agricultural Science - BAgrSc) ဦးရေ ၂၀၀ ခန့်မွေးထုတ်ပေးလျက် ရှိသည်။ မဟာဘွဲ့သင်တန်းကို ၁၉၇၈ ခုနှစ်တွင် စတင်ခဲ့ပြီး ပါရဂူဘွဲ့သင်တန်းကို ၂၀၀၁ တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၂၄ ခုနှစ်တွင် စိုက်ပျိုးရေးကောလိပ်နှင့် သုတေသနသိပ္ပံအဖြစ် မန္တလေးမြို့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၏ တွဲဖက်ကောလိပ် ဖြစ်လာခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် စိုက်ပျိုးရေးပညာ မဟာဌာနအဖြစ် ရန်ကုန်တက္ကသိုလ်၏ အုပ်ချုပ်မှုအောက်တွင် ရှိခဲ့ပြီး ၁၉၅၈ ခုနှစ်တွင် မန္တလေးတက္ကသိုလ်အောက်သို့ ရောက်ရှိခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် စိုက်ပျိုးရေးသိပ္ပံကျောင်းအဖြစ် ပညာရေး ဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်သို့ ပြောင်းရွှေ့ခဲ့ပြီး ၁၉၇၃ ခုနှစ်တွင် မန္တလေးမှ နေပြည်တော်(ရေဆင်း)သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်သို့ လွှဲပြောင်းရောက်ရှိပြီး ၁၉၉၈ ခုနှစ်တွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် အဖြစ် အဆင့်မြှင့်တင်ခဲ့သည်။