ဥတ္တရခရိုင်တရားရုံး အဆောက်အဦပန္နက်တော်တင် တွင်းတော်ဝန်း မင်္ဂလာအခမ်းအနား ကျင်းပ

Listing Description

နေပြည်တော် ဒီဇင်ဘာ ၂၀

ပြည်ထောင်စုတရားလွှတ်တော်ချုပ် ဥတ္တရခရိုင်တရားရုံး အဆောက်အဦ ပန္နက်တော်တင် တွင်းတော်ဝန်းမင်္ဂလာ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက နေပြည်တော် ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် ချင်းတွင်းလမ်းနှင့် ပုဗ္ဗသီရိ မြို့နယ် တရားရုံးလမ်းထောင့်ရှိ အဆိုပါ အဆောက်အဦ တည်ဆောက်မည့်နေရာ မင်္ဂလာမဏ္ဍပ်၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့် အညီ ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး တက်ရောက်သည်။

အမွှေးနံ့သာများ ပက်ဖျန်း

အခမ်းအနားတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသည့် ဦးသာဌေး၊ ဦးမြင့်အောင်၊ ဦးအောင်ဇော်သိန်း၊ ဦးမြဟန်၊ ဦးမျိုးတင့်၊ ဦးစိုးနိုင်၊ ဦးခင်မောင်ကြည်၊ ဦးမျိုးဝင်းတို့က သတ်မှတ်နေရာအသီးသီး တွင် နေရာယူကာ ပန္နက်တော်တင် တွင်းတော်ဝန်းပြီး အမွှေးနံ့သာများ ပက်ဖျန်းပေးကြသည်။

ထို့နောက် ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ပန္နက်တော်တင် တွင်းတော်ဝန်း အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ထုံးတမ်းအစဉ်အလာ အတိုင်း ဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုတရားသူကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ အဆောက်အဦဆောက်လုပ်မည့် ပရိဝုဏ်အတွင်း လှည့်လည်ကြည့်ရှုသည်။

အဆိုပါအဆောက်အဦကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ အကောင် အထည်ဖော်ဆောင်ရွက်နေသည့် ၂၀၁၈-၂၀၂၂ (၅)နှစ်တာ တရားစီရင်ရေး မဟာဗျူဟာစီမံကိန်း၊ တတိယနှစ်လုပ်ငန်းအစီအစဉ် (၂၀၂၀) ၏ မဟာဗျူဟာ လုပ်ငန်းနယ်ပယ်(၁)၊ မဟာဗျူဟာရည်မှန်းချက် ၁.၄၊ မဟာဗျူဟာ အစီအစဉ် ၁,၄,၁ နှင့်အညီ စီမံကိန်းချမှတ်၍ ဦးစားပေးအဆင့်(၁)အနေဖြင့် အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အဆောက်အဦမှာ အလျားပေ ၂၀၀၊ အနံ ပေ ၁၄၀ ရှိ သံကူကွန်ကရစ် နှစ်ထပ်အဆောက်အဦဖြစ်ပြီး ဇွဲမာန်ဟုန် ကုမ္ပဏီက တာဝန်ယူတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်