စိန့်အင်းကျောင်း (St.Anne’s Convent High School)

Listing Description

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းသည် ယခင်က စိန့်အင်းကျောင်း (St.Anne’s Convent High School) ဟု ထင်ရှားခဲ့သော နှစ်ပေါင်းတစ်ရာနီးပါးခန့် သက်တမ်းရှိ ကျောင်းဖြစ်ပါသည်။ အီတလီမှ ဘုန်းတော်ကြီး ကိုယ်တိုင် တည်ဆောက်ခဲ့ကာ ၁၉၂၉ ခုနှစ်တွင် စတင် ကျောင်းဖွင့် လှစ်ခဲ့ပါသည်။ စိန့်အင်း Saint Anne’s  ဆိုသည်မှာ ရိုမန်ကက်သလစ် သီလရှင် သူတော်စင်၏ အမည်နာမပင် ဖြစ်သည်။ ကျောင်းကိုလည်း သီလ ရှင်များပင် အုပ်ချုပ်ပြီး စည်းကမ်းကြီးကာ ပညာတတ်များစွာ မွေးထုတ်နိုင်ခဲ့သည်။ ထိုခေတ်အခါက  ကျောင်းဝင်း အတွင်းမှာပင် ကျောင်းအိပ်ကျောင်းစား ဘော်ဒါဆောင်များလည်း ထားရှိခဲ့ကြောင်း သိရသည်။ ဘော်ဒါဆောင်များမှ Class-1 And 2 ခွဲခြားထားပြီး Class 1  မှာ ငွေကြေးဖြင့် နေထိုင်ရကာ Class 2 မှာ ဘာသာဝင် ငွေ ကြေးမတတ်နိုင်သူများကို လျှော့ပေါ့နှုန်းထားဖြင့် လက်ခံပြီး မိဘမဲ့ကလေးများကိုလည်း ပညာသင်ကြားပေးခြင်းဖြစ်သည်။ Roman Catholic Convent ခရစ်ယာန် သီလရှင်ကျောင်းဖြစ်ပြီး  Roman Catholic Nunsသီလရှင်များ၊ လူဝတ်ကြောင် ဆရာ၊ ဆရာမ များဖြင့် စာသင်ကြားပေးခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က စစ်ကြိုကာလ၌ ကျောင်းတွင် အင်္ဂလိပ်စကားကိုသာ ပြောရပြီး ဗမာစကား ပြောမိပါက တစ်ပဲ ဒဏ်တပ်ခံရကြောင်း၊ အင်္ဂ လိပ်စာ၊ အင်္ဂလိပ်စကားပြောတို့ဖြင့် ကိုယ်ပိုင် သင်ရိုးညွှန်းတမ်းဖြင့် သင်ကြားပေးသည့် ကိုယ်ပိုင်ကျောင်း တစ်ကျောင်းလည်း ဖြစ် သည်။ ဂျပန်ခေတ် ၁၉၄၂ ခုနှစ်တွင် စိန့်အင်းကျောင်းကို ဂျပန်တပ်များက သိမ်းပိုက်တပ်စွဲထားပြီး စစ်ဆေးရုံ ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပါလီမန်ခေတ်တွင်လည်း စိန့်အင်းကျောင်းအဖြစ် ဆက်လက်အုပ်ချုပ်ခဲ့ပြီး စိန့်အင်းကျောင်းနှင့်တကွ တစ်ပြည်လုံး ရှိ ကိုယ်ပိုင်ကျောင်းအားလုံးကို ၁၉၆၅ ခုနှစ် ဧပြီတွင် ပြည်သူပိုင်သိမ်းလိုက်၍ စိန့်အင်း ကျောင်းသည် အမှတ်(၃) အစိုးရ အထက်တန်း ကျောင်းဖြစ်လာခဲ့ပါသည်။