ပိတ်ချင်းမြောင် မဟာနန္ဒမူလိုဏ်ဂူတော်

Listing Description

ပိတ်ချင်းမြောင် မဟာနန္ဒမူလိုဏ်ဂူတော်သည် ပြင်ဦးလွင်မြို့မြောက်ဘက် နောင်ပိန်ရွာအနီး မန္တလေး-မူဆယ်ကားလမ်းအနီးတွင်တည်ရှိသည်။ ပြင်ဦးလွင်မြို့မှ ၁၂ မိုင်ခန့်အကွာ ဝက်ဝံကျေးရွာ၏ တောင်ဘက် ၂ မိုင်အကွာတွင် တည်ရှိသည်။ လိုဏ်ဂူတော်သည် ၁၆ဝ၈ ပေ ရှည်လျားပြီး ပင်လယ် ရေမျက်နှာပြင် အထက် ပေ ၃၂ဝဝ ခန့်တွင် တည်ရှိသည်။ ဘူမိဗေဒ ပညာရှင်များ၏ ခန့်မှန်းချက် အရ လိုဏ်ဂူတော်၏ သက်တမ်းမှာ နှစ်သန်းပေါင်း ၂၃ဝ မှ ၃၁ဝ အတွင်း တည်ရှိပြီး မြေလွှာ ပြတ်ရွေ့ခြင်း၊ တွန့်ခေါက်ခြင်း တို့ကြောင့် ဖြစ်ပေါ် လာရသည်ဟု သိရသည်။ ရှေးယခင်က လိုဏ်ဂူရှေ့တွင် ဆေးဖက်ဝင် ပိတ်ချင်းပင်များ ထူထပ်ပေါများစွာ ပေါက်ရောက်ခဲ့သောကြောင့် ပိတ်ချင်းမြောင်ဟု ခေါ်တွင်သည်ဟု သိရပါသည်။ ဂူ၏ အဝင်ဝ အကျယ်မှာ ပေ ၄ဝ ခန့်ရှိပြီး အချို့ နေရာများတွင် ပေ ၁၂ဝ ခန့်အထိ ကျယ်ဝန်းသော်လည်း အလွန် ကျဉ်းမြောင်းသော နေရာများလည်း ရှိသည်။ ဂူအတွင်း ထုံးကျောက်တုံးများ၊ ကျောက်ဆောင်ငယ် များဖြင့် ဖွဲ့စည်းထားပြီး ကျောက်စက် ပန်းဆွဲများမှ စိမ့်စမ်းရေများ တစ်နှစ်ပတ်လုံး စိမ့်ထွက် စီးဆင်းလျက် ရှိသည်။ ၁၉၈၉ ခုနှစ် မတ်လ ၈ ရက်နေ့၌ လိုင်ဂူတော်အတွင်း နဂါးရုံ ဗုဒ္ဓ ရုပ်ပွားတော်ကို စတင်တည်ထား ကိုးကွယ်ပူဇော် ခဲ့ကြချိန်မှစ၍ ပိတ်ချင်းမြောင် မဟာနန္ဒမူ လိုဏ်ဂူတော် အဖြစ်သို့ ရောက်ရှိလာပြီး ပြည်တွင်းမှ ဘုရားဖူး ဧည့်သည်များသာမက ကမ္ဘာလှည့် ခရီးသည်များပင် လာရောက် လည်ပတ်ရာ အထင်ကရ နေရာတစ်ခု ဖြစ်လာခဲ့သည်။ ဂူအတွင်း နဂါးရုံဘုရား အပြင် ဘုရားလောင်း ဒုက္ကရ စရိယာ ကျင့်တော်မူနေပုံ၊ ပဉ္စဝဂ္ဂီ ငါးဦးအား ဓမ္မစကြာ တရားဟောကြားဟန်၊ နဂါးမင်း နှင့် ဗုဒ္ဓဘုရား ဖလသမ္မာပတ် ဝင်စားဟန်၊ ကိုးတောင်ပြည့် ကံထူးထွဋ်ခေါင် ရွှေစေတီတော်၊ ကိုးတောင်ပြည့် ပေါင်းလဲ ကိုယ်တော်၊ မိဂဒါဝုန်တော၊ အံသွားတော် ရေကျ၊ အန္တရာယ်ကင်း ပိတ်တွင်းရေကျ၊ စောင်းတန်း ကိုးသွယ်၊ ကျောက်ဆင်း တုထိုင် ကိုယ်တော်၊ ရေစက်ကျ ရပ်တော်မူ၊ နိမိတ်ကြီး လေးပါး၊ ဗောဓိပင်နှင့် ရွှေပလ္လင်၊ မဟာမုနိ ကြေးဆင်းတုတော်ကြီး၊ ကံထူတံခွန် စေတီတော်၊ အောင်ခြင်းရှစ်ပါး၊ ပုပ္ပား တောင်တော်၊ ကျိုက်ထီးရိုး စေတီ၊ နဂါးမင်း မောင်နှမ အခွေထက် မြတ်စွာဘုရား ဖလသမ္မာပတ် ဝင်စားဟန် တို့ကို အဆင့်ဆင့် ဖူးမြော်ရမည် ဖြစ်ပြီး လိုဏ်ဂူတော် ဆုံးခါနီးတွင် သုဒ္ဓါဝါသ ထပ်ဆင့်ဂူတော် တစ်ခုကို ထပ်မံ တွေ့ရပေမည်။ ထို ဂူတော်အတွင်း ၌ ပွင့်တော်မူ ပြီးသော မြတ်စွာဘုရား ရုပ်ပွားတော် များကို သရက်ပင်၊ ပိန္နဲပင်၊ ဗောဓိညောင်ပင် တို့အောက်တွင် သီတင်းသုံး နေသည်ကို ကြည်ညိုဖွယ်ရာ ဖူးတွေ့ရမည် ဖြစ်သည်။ ပိတ်ချင်းမြောင်မဟာနန္ဒမူလိုဏ်ဂူတော်သည် ပြင်ဦးလွင်၏ တောတောင် ရေမြေ သဘာဝအလှ များကို ခံစားရင်း တစ်နေရာ တည်းတွင် ဘုရားစုံ ဖူးမြော်ကြည်ညိုနိုင်သည့် လိုဏ်ဂူတော်ဖြစ်ပြီး ဘေးပတ်ဝန်းကျင် ရှိ နှစ်ထပ်ဂူ၊ သုံးဆင့် ရေတံခွန် တို့သို့လည်း လိုဏ်ဂူတော်မှတစ်ဆင့် သွားရောက် လည်ပတ်နိုင်ပါသည်။