ပါစယ်တာဝါ (Purcell Tower) နာရီစင်

Listing Description

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့လယ်ရှိ ပါစယ်တာဝါ (Purcell Tower) နာရီစင်ကြီးသည် ပြင်ဦးလွင်မြို့၏ သင်္ကေတအဖြစ် အလွန်ထင်ရှားပါသည်။ ယင်းနာရီစင်တွင် တပ်ဆင်ထားသည့် နာရီသည် ဗြိတိသျှနိုင်ငံပဉ္စမမြောက်ဂျော့ဘုရင်၏နန်းစံနှစ် (၂၅) နှစ်ပြည့် ငွေရတု အထိမ်းအမှတ်အဖြစ် ၁၉၃၄ ခုနှစ်တွင် ထုတ်လုပ်ခဲ့သည့် နာရီများအနက် တစ်လုံးဖြစ်သည်။ မြန်မာနိုင်ငံ အတွက်ရရှိခဲ့သည့် ယင်းနာရီကို မန္တလေးမြို့မှ Mr.Percell နှင့် ပြင်ဦးလွင်မြို့မှ ရှေ့နေ Mr.M.Azin တို့၏ ကြိုးပမ်းမှုကြောင့်ပြင်ဦးလွင်မြို့တွင်စိုက်ထူနိုင်ခဲ့ကာ Mr.Percell ကို ဂုဏ်ပြုသောအားဖြင့် ပါစယ်နာရီစင်ဟု အမည်ပေးခဲ့သည်။ နာရီစင်ကို ၁၉၃၅ ခုနှစ်တွင် တည်ဆောက်၍ ၁၉၃၆ ခုနှစ် စက်တင်ဘာလတွင်ဖွင့်လှစ်ခဲ့သည်။ တည်ဆောက်စရိတ် ငွေကျပ် ၁၇၀၀၀ အနက် မစ္စတာပါစယ်က ငွေကျပ် ၁၁၀၀၀ လှူဒါန်း၍ ကျန်ငွေကို မြူနီစီပယ်အဖွဲ့က ကျခံခဲ့သည်။ ၁၉၄၅ ခုနှစ်တွင် ပါစယ်နာရီစင်မှ စက်အစိတ်အပိုင်းအချို့ ခိုးယူခြင်းခံရသဖြင့် နာရီထိုးသံများ ယာယီ ရပ်တံ့ခဲ့သည်။ ခိုးယူသွားသည့် စက်ပစ္စည်းများရရှိရန် ပြင်ဦးလွင်မြို့မှ ဦးသိန်းကကြိုးပမ်း၍ ပြန်လည်တပ်ဆင် ပေးခဲ့သဖြင့် ပါစယ်နာရီစင်သည် ယနေ့တိုင် နာရီထိုးသံမြည်လျက် ရှိနေပါသည်။