ပန်းသေးဗလီ (မန္တလေး)

Listing Description

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ လမ်း ၈၀၊ ၃၅ လမ်းနှင့် ၃၆ လမ်းကြားတွင် တည်ရှိပါသည်။ မင်းတုန်းမင်းကြီးက တရုတ်ကုန်သည်များ မန္တလေးနေပြည်တော်သို့ ရောက်လာလျှင် နားနေရန်အတွက် နေရာချထားပေးခဲ့ရာ အခြားတရုတ်ကုန်သည်များနှင့်အတူ ပန်းသေးများကိုလည်း နေရာချထားပေးခဲ့သည်။ နောက်ပိုင်းတွင် ပန်းသေးများနှင့်အခြားတရုတ်များ ခိုက်ရန်ဖြစ်ပွားကြသဖြင့် မင်းတုန်းမင်းကြီးက ပန်းသေးများကို ယခုပန်းသေးဗလီနေရာတွင် နေရာချပေးခဲ့ပါသည်။ ၁၈၆၈ ခုနှစ်တွင် တရုတ်ပြည် ယူနန်နယ် တာလီဖူးမြို့တော်မှ ပန်းသေးဗိုလ်ချုပ်ကြီး တူဝင့်ရှို(မိုဟမ္မဒ်စိုလေမန်)က ဗိုလ်မှူးကြီး မားတူးတုအား စေလွှတ်၍ မန္တလေးမြို့တော်တွင် မင်းတုန်းမင်းကြီး၏ ခွင့်ပြုချက်ဖြင့် ပန်းသေးဗလီကို တည်ဆောက်ခဲ့ပါသည်။ ယခုအခါ မန္တလေးမြို့တွင် ဗလီ ၆၀ ကျော်ရှိသည့်အနက် ပန်းသေးဗလီသည် ရှေးအကျဆုံးဗလီများထဲတွင် တစ်ခုအပါအဝင် ဖြစ်ပါသည်။