ငါးဖယ်ချောင်းကျောင်းတိုက် (ကြောင်ခုန်ကျောင်း)

Listing Description

ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ ငါးဖယ်ချောင်းကျေးရွာ၏ ရွာဦးဘုန်းတော်ကြီးကျောင်းဖြစ်သည်။ ကျောင်းတိုက်ကြီးကို မြန်မာသက္ကရာဇ် ၁၂၀၅ ခုနှစ်တွင် ရွာသူရွာသားများကောင်းမှုဖြင့် တည်ဆောက်ခဲ့သည်။ ကျောင်းတိုက်အတွင်းရှိ ဘုရားများမှာလည်း ရွာသူရွာသားများ အစဉ်အဆက် လှူဒါန်းကိုးကွယ်ခဲ့ကြခြင်းဖြစ်သည်။ ကျောင်းတိုက်ကြီးကို ကျွန်းတိုင်လုံးပေါင်း ၆၅၄ လုံးဖြင့် ဖွဲ့စည်းတည်ဆောက်ထားကာ တိုင်တစ်လုံး၏ပတ်လည်မှာ ၃ ပေကျော်ရှိပြီး တိုင် ၂၀၀ ကျော်ကို ရွှေချထားသည်။ ကျောင်းတိုက်ကြီးမှာ အရှည်ပေ ၁၈၀ ခန့်၊ အကျယ်ပေ ၁၂၀ ခန့်ရှိပြီး ဘုံသုံးဆင့်ရှိ ကျောင်းဆောင် ရှစ်ဆောင်၊ ဘုံတစ်ဆင့်ရှိ ကျောင်းဆောင် နှစ်ဆောင်၊ လေသာဆောင် တစ်ဆောင်ရှိပြီး လှေကားငါးဖက်ရှိသည်။ ကျောင်းတိုက်အတွင်း ရတနာပုံခေတ်လက်ရာဟု ခန့်မှန်းရသည့် ဆင်းတုတော်ရုပ်ပွားတော်များကိုလည်း သပ္ပါယ်စွာ ဖူးမြင်ရပြီး သစ်ထွင်းဘုရားစံကျောင်းတော် နှစ်ဆောင်၊ ယွန်းဘုရားရုပ်ပွားတော်ကြီး ခြောက်ဆူ၊ ပေစာ၊ ပုရပိုက်စာနှင့် အခြားရှေးဟောင်းပစ္စည်းများကိုလည်း တွေ့မြင်နိုင်သည်။ ယခင်က ကြောင်လိမ္မာလေးများကို ကြိုးကွင်းခုန်ခိုင်းရာမှ အင်းလေးဒေသတွင် ကြောင်ခုန်ကျောင်းဟု လူသိများခဲ့ပြီး ကျောင်းတိုက်၏ ပဓာန နာယက ဆရာတော်ကြီး ဘဒ္ဒန္တကိတ္ထိမာဝံသ ၂၀၁၂ ခုနှစ်တွင် ပျံလွန်တော်မူပြီးနောက် အင်းလေးဒေသ၏ ယဉ်ကျေးမှုအမွေအနှစ်များရှိရာ ငါးဖယ်ချောင်းကျောင်းတိုက်၏ မူလရည်ရွယ်ချက်ဖြစ်သော ရှေးဟောင်းအမွေအနှစ်များနှင့် ယဉ်ကျေးမှုလက်ရာများကို အဓိကထားရန်အတွက် ကြောင်လေးများခုန်ပြခိုင်းခြင်းကို ရပ်တန့်ထားပါသည်။