မှိုင်းလုံးတောင်နတ်စင်

Listing Description

ကလောမြို့ မှိုင်းလုံးတောင်ပေါ်ရှိ နတ်စင်များ စုဝေးရာနေရာသည် ကလောတစ်ဝိုက်တွင် နေထိုင်သောသူများအတွက် အရေးပါသည့်နေရာတစ်ခုဖြစ်သည်။ ထိုနေရာတွင် အနှစ် (၃၀) ကြာနေထိုင်ခဲ့သော ရသေ့ဦးမိတ္တမှ စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ရသေ့ကြီးသည် ၂၀၂၁ခုနှစ် ဩဂုတ်လ အသက်(၈၈) နှစ် သူ မကွယ်လွန်မီအချိန်ထိ ထိုနေရာတွင် နေထိုင်ခဲ့သည်။ ဤနေရာတွင် နတ်စင်တည်ဆောက်ရန် နတ်များက မိုင်းလုံးတောင်ထိပ်တွင် တရားအားထုတ်နေသော ဦးမိတ္တကို အိပ်မက်ပေးသည်ဟု အများက ဆိုကြသည်။ မိုင်းလုံးတောင်တဝိုက်တွင် နတ်စင်စုစုပေါင်း ၆ ခု ရှိသည်။ တောင်ထိပ်တွင် နတ်စင်သုံးခုရှိပြီး တစ်ခုမှာ ဘုရားစောင့်နတ် ဦးစိန်ဖြစ်ကာ ကျန်တစ်ခုမှာ တောင်စောင့်နတ် ဒေါ်သီတာဖြစ်ပြီး နောက်ဆုံးတစ်ခုမှာ သိကြားမင်းအတွက် ဖြစ်သည်။ တောင်တက်လမ်းတစ်လျောက်တွင် အခြားနတ်စင်သုံးခုကို တွေ့ရပြီး နှစ်ခုမှာ နတ်စင်ငယ်လေးများဖြစ်ကာ  တစ်ခုမှာ သိုက်ချုပ်အတွက်ဖြစ်သည်။