ကျောက်မျက်ရတနာပြတိုက်

Listing Description

မြန်မာ့ကျောက်မျက်ရတနာပြတိုက်သည် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းအဝိုင်း(ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်အဝိုင်း)အနီး ရာဇသင်္ဂဟလမ်း ပေါ်တွင် တည်ရှိသည်။ သတ္တုတွင်းဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၏ မြန်မာ့ကျောက်မျက် ရတနာပြတိုက်(Gems Museum)(နေပြည်တော်)ကို ၂၀၀၉ခုနှစ် ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။ အကျယ်အဝန်း ၁၂.၅ ဧကတွင် တည်ဆောက်ထားသည့် မြန်မာနိုင်ငံ၏ အကြီးဆုံးကျောက်မျက်ရတနာပြတိုက်ကြီးတစ်ခု ဖြစ်ပါသည်။ မြန်မာ့ကျောက်မျက်ရတနာပြတိုက်မှာ အထပ် ၃ ထပ်ပါရှိပြီး မြေညီထပ်တွင် ရုံးခန်း၊ အခြားခန်းများ၊ ကားရပ်နားနိုင်ရန် နေရာပါရှိသည်။ ပထမထပ်တွင် ကျောက်မျက်ရတနာဆိုင်ခန်းများ၊ ဒုတိယထပ်တွင် ပြခန်းများပါရှိသည်။ ပြတိုက်ကို တနင်္လာနေ့နှင့် နေ့ထူးနေ့မြတ် ရုံးပိတ်ရက် များမှအပ ကျန်ရက်များအားလုံးတွင် နံနက် ၉:၃၀ နာရီချိန်မှ ညနေ ၁၆:၀၀ နာရီချိန်ထိ မည်သူမဆို သတ်မှတ်ဝင်ကြေးပေးဆောင်၍ ဝင်ရောက်လေ့လာကြည့်ရှု့နိုင်ပါသည်။