ကန်တော်ကြီးအမျိုးသားရုက္ခဗေဒဥယျာဉ်

Listing Description

ကန်တော်ကြီးအမျိုးသားရုက္ခဗေဒ ဥယျာဉ် (မူလအမည် အမျိုးသား ရုက္ခဗေဒ ဥယျာဉ်) သည် မန္တလေးမြို့မှ ၄၄ မိုင် (၆၉ ကီလိုမီတာ) အကွာ ပင်လယ်ရေမျက်နှာပြင် အထက် ၃၆၀၅ ပေ (မီတာ ၁၀၀၀) အမြင့်ရှိ ပြင်ဦးလွင်မြို့ (မေမြို့)၊ နန္ဒာလမ်းတွင် တည်ရှိသည်။ ယင်းဥယျာဉ်ကို ၁၉၁၅ ခုနှစ်တွင် ဗြိတိသျှ သစ်တောဦးစီးအရာရှိ အဲလက်စ်ရော်ဂျာ (Alex Roger) က မေမြို့ ရုက္ခဗေဒဥယျာဉ် အဖြစ် ဦးစွာ တည်ထောင်ခဲ့သည်။ မူလဥယျာဉ်မှာ ဧက ၃၀ (၁၂၀၀၀၀ စတုရန်းမီတာ) ကျယ်ဝန်းပြီး အပျော်တန်း ဥယျာဉ်မှူး လေဒီ ရှားလက်ခပ်ဖ် (Charlotte Wheeler Cuffe) ၏ အကူအညီဖြင့် ဗြိတိန်နိုင်ငံ ကျူဂါးဒင်းဥယျာဉ် ခေါ် Kew တော်ဝင် ရုက္ခဗေဒ ဥယျာဉ်ကို အတုယူကာ တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ၁၉၁၇ ခုနှစ်တွင် ဗြိတိသျှ ကိုလိုနီ အစိုးရက တရားဝင် အသိအမှတ်ပြုခဲ့ပြီး ၁၉၂၄ ခုနှစ်တွင် အစိုးရမှ ကာကွယ်ထိန်းသိမ်းသည့် ဥယျာဉ်အဖြစ် ကြေညာခဲ့သည်။ ၁၉၄၂ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့တွင် သစ်တောရေးရာဝန်ကြီးဌာနက ဘေးမဲ့သစ်တော အဖြစ် ရေးဆွဲသတ်မှတ်ခဲ့သည်။ ၁၉၅၈ ခုနှစ်မှ စ၍ သစ်ပင်တောအုပ်ငယ်များ၊ သစ်မျိုးစုံစိုက်ကွက်များ၊ ဥယျာဉ်အမျိုးမျိုးနှင့် မြေယာရှုခင်း တို့ကို တိုးချဲ့တည်ထောင်ခဲ့ပါသည်။ ယခုအခါ ဥယျာဉ်အကျယ်အဝန်း  ၄၃၆.၉၆ ဧက ရှိပါသည်။ ၂၀၀၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်နေ့မှစ၍ ကန်တော်ကြီးအမျိုးသားရုက္ခဗေဒဥယျာဉ်အဖြစ် ပြောင်းလဲခေါ်ဝေါ်ခဲ့ပါသည်။ ကန်တော်ကြီးအမျိုးသားရုက္ခဗေဒဥယျာဉ်အတွင်း အရောင်အသွေးစုံ လိပ်ပြာပေါင်း ၃၀,၀၀၀ ကျော်ကို မှန်ပုံး ၂၈၀ ဖြင့် ပြသထားသော လိပ်ပြာပြတိုက် ၊ သစ်အမျိုးပေါင်း ၂၀၀၀ ကျော်သည့် အင်ကြင်းပြတိုက်၊ သတ္တဝါ ၁၅ မျိုး၏ ကိုယ်ပွားအစိတ်အပိုင်းများဖြစ်သည့် ကျောက်ဖြစ်ရုပ်ကြွင်းပြတိုက် တို့အား ဖွင့်လှစ်ပြသထားပါသည်။ အမျိုးသားကန်တော်ကြီး ရုက္ခဗေဒဥယျာဉ်သည် အင်္ဂလန်နိုင်ငံအခြေစိုက် Botanic gardens conservation international (BGC)မှ အသိအမှတ်ပြုသော ဥယျာဉ်တစ်ခုဖြစ်ပြီး ဥယျာဉ်အတွင်း ပြည်တွင်းသစ်မာ ၅၁၄ မျိုး၊ ပြည်ပသစ်မျိုး ၇၅ မျိုး ၊ဝါး ၇၅ မျိုး ၊ ရွက်လှပင် ၇၅ မျိုး၊ ဘယဆေးပင် ၄၁၀ မျိုးနှင့် သစ်ခွမျိုးစိတ် ၂၇၀ မျိုးတို့အား ပြုစုပျိုးထောင်ပြသလျက် ရှိပါသည်။ အမျိုးသား ကန်တော်ကြီး ရုက္ခဗေဒ ဥယျာဉ်အား သစ်တောရေးရာ ဝန်ကြီးဌာနမှ ကြီးကြပ်ဦးစီးလျက်ရှိပြီး တာကင် ခေါ် သားမင်း၊ ရွှေသမင်၊ ကြယ်လိပ်၊ ဒေါင်း၊ ရစ်၊ ငန်းအ ၊ ငန်းနက်၊ မန်ဒါရင်ဘဲ အပါအဝင် မျိုးသုဉ်းလုနီး သားရိုင်းတိရိစ္ဆာန်အချို့ကိုလည်း ဥယျာဉ်အတွင်း၌ မွေးမြူထားသည်ကို တွေ့နိုင်ပါသည်။ နှစ်စဉ် ဒီဇင်ဘာလရောက်တိုင်း ပန်းမန်ပွဲတော်ကို ပန်းမျိုးစိတ်ပေါင်းများစွာဖြင့် ခင်းကျင်းပြသလေ့ရှိပြီး ပြည်တွင်းပြည်ပမှ ခရီးသွား ဧည့်သည်ဦးရေ သန်းနှင့်ချီ၍ လာရောက် အပန်းဖြေလေ့ရှိသော ကမ္ဘာပေါ်၌ ထင်ရှားကျော်ကြား သော ရုက္ခဗေဒ ဥယျာဉ်တစ်ခု ဖြစ်ပါသည်။