"ဇေယျာသီရိ"

ဇေယျာသီရိမြို့နယ်အား ပြည်ထဲရေးဝန်ကြီးဌာန၏ (၂၆.၃.၂၀၀၉) ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် နေပြည်တော် ၅ မြို့နယ်ကို စတင်ဖွဲ့စည်းရာတွင် ပါဝင်ခဲ့သည်။ ယခုအခါ ရပ်ကွက် ၅ ခု၊ ကျေးရွာအုပ်စု ၁၃ စု၊ ကျေးရွာပေါင်း ၆၆ ရွာဖြင့် ဖွဲ့စည်းထားရှိပါသည်။ လူဦးရေပေါင်း ၁၀၀၀၀၀ ကျော် နေထိုင်ပါသည်။ အရှေ့မှအနောက်သို့ ၁၄.၇ မိုင်၊ တောင်မှမြောက်သို့ ၂၀.၇ မိုင် ရှည်လျားပြီး စုစုပေါင်းဧရိယာမှာ  ၂၃၀.၇၅ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ အရှေ့ဘက်တွင် ပင်လောင်း၊ တောင်ဘက်တွင် ပျဉ်းမနား၊ အနောက်ဘက်တွင် ပုဗ္ဗသီရိနှင့် မြောက်ဘက်တွင် တပ်ကုန်းမြို့နယ်တို့ တည်ရှိပါသည်။ ဇေယျာသီရိမြို့နယ်၏ အရှေ့ဘက်ခြမ်းသည် တောင်ကုန်းမြင့်များနှင့် သစ်တောကြိုးဝိုင်း ဧရိယာများဖြစ်သည်။ ပေါင်းလောင်းမြစ်နှင့် ဆင်သေချောင်းတို့မှာ ထင်ရှားပါသည်။ ပေါင်းလောင်းမြစ်သည် စည်ပင်ကြီးကျေးရွာအနီးမှ ဖြတ်၍ မြောက်မှတောင်သို့ စီးဆင်းပြီး စစ်တောင်းမြစ်အတွင်းသို့ စီးဝင်ပါသည်။ ဒေသအတွင်းရှိ ရေအရင်းအမြစ်များမှာ ရေချိုများဖြစ်၍ စိုက်ပျိုးရေ၊ သောက်သုံးရေ အတွက် အသုံးပြုပါသည်။ ပေါင်းလောင်းမြစ်သည် နွေရာသီတွင် ရေအနက် ၃ ပေခန့်သာရှိသဖြင့် သင်္ဘောများ၊ စက်လှေများ မသွားလာနိုင်ပါ။ ပင်လယ်ရေ မျက်နှာပြင်အထက် ပျမ်းမျှအမြင့် ၃၂၀ ပေအထက်တွင် တည်ရှိသည်။ အမြင့်ဆုံးဒေသမှာ ကျောက်ဖျာကျေးရွာ (၁၀၀၀ပေ) ဖြစ်သည်။ အပူပိုင်းမုတ်သုံ ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၃၉.၉˚C ဖြစ်သည်။ စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်မှုရှိသော မြို့နယ်တစ်ခု ဖြစ်သည်။ ဒေသခံပြည်သူများသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းတို့ကို အဓိက လုပ်ကိုင်ကြသည်။ ရန်ကုန်-မန္တလေး လမ်းမကြီးပေါ်တွင် တည်ရှိ၍ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သည်။ အဓိကထွက်ကုန်မှာ စပါး၊ မတ်ပဲ၊ ဟင်းသီးဟင်းရွက်တို့ ဖြစ်သည်။

Attractions in ဇေယျာသီရိ