"သထုံ"

သထုံမြို့နယ်တွင် မြို့ ၂ မြို့၊ ရပ်ကွက် ၈ ရပ်ကွက်၊ ကျေးရွာအုပ်စု ၄၆ အုပ်စု၊ ကျေးရွာပေါင်း ၁၇၅ ရွာ ပါဝင်သည်။ မြို့နယ်တွင် လူဦးရေ ၂၃၉၀၀၀ ကျော် နေထိုင်ကြပါသည်။ သထုံမြို့နယ်သည် အရှေ့မှအနောက်သို့ ၂၁ မိုင်၊ တောင်မှမြောက်သို့ ၂၆ မိုင် ရှည်လျားသည်။ အရှေ့ဘက်တွင် ဘားအံမြို့နယ်၊ တောင်ဘက်တွင် ပေါင်မြို့နယ်၊ အနောက်ဘက်တွင် မုတ္တမပင်လယ်၊ မြောက်ဘက်တွင် ဘီးလင်းမြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၇၁.၆ ပေ အထက်တွင် ရှိသည်။ မြို့နယ်၏အလယ်တွင် တောင်တန်းကြီးတစ်ခုရှိပါသည်။ မြစ်ချောင်းများပေါများပြီး ဒုံသမိချောင်းမှာ မြောက်မှတောင်သို့ စီးဆင်းလျက်ရှိသည်။ ရေအများစုမှာ ရေချိုများဖြစ်သည်။ နွေရာသီတွင် ရေရှိ၍ စက်လှေများ သွားလာ နိုင်ပါသည်။ မြောက်ဘက်နှင့်အနောက်ဘက်တွင် ထိစပ်နေသော ဘီးလင်းမြစ်သည် အရှေ့မှအနောက်တောင်ဘက်သို့ စီးဆင်းလျက်ရှိသည်။ အမြင့်ဆုံးတောင်မှာ ဝင်းစိန်တောင် (၁၂၃၂ပေ) ဖြစ်သည်။ ပူနွေးစိုစွတ်သော ရာသီဥတုရှိပြီး အမြင့်ဆုံး အပူချိန်မှာ ၄၁.၁˚C ဖြစ်သည်။ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ်ကိုင်ကြသည်။ ကုန်းလမ်းများ ဆုံရာ လမ်းမပေါ်တွင် တည်ရှိ၍ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည်။ ဆန်စပါးမှာ အဓိကထွက်ကုန်ဖြစ်သည်။ သထုံမြို့နယ်မှ ရွှေစာရံစေတီတော်မှာ ထင်ရှားသည်။

Attractions in သထုံ