"တပ်ကုန်း"

တပ်ကုန်းမြို့နယ်ကို ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ (၅.၇.၁၉၆၀) ရက်စွဲပါ ကြေငြာစာဖြင့် မြို့နယ်အဖြစ် ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။ တပ်ကုန်းမြို့နယ်တွင် ရပ်ကွက် ၆ ခု၊ ကျေးရွာအုပ်စု ၄၉ စု၊ ကျေးရွာပေါင်း ၁၇၆ ရွာ ပါဝင်ပြီး လူဦးရေပေါင်း ၁၉၀၀၀၀ ကျော် နေထိုင်ပါသည်။ တပ်ကုန်းမြို့နယ်သည် ၆၉၅.၈၈ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ အရှေ့ဘက်တွင် ပင်လောင်းမြို့နယ်၊ တောင်ဘက်တွင် ဇေယျာသီရိမြို့နယ်၊ အနောက်ဘက်တွင် နတ်မောက်မြို့နယ်၊ မြောက်ဘက်တွင် ရမည်းသင်းမြို့နယ်တို့ တည်ရှိပါသည်။ တပ်ကုန်းမြို့နယ်သည် ရှမ်းရိုးမနှင့် ပဲခူးရိုးမကြား တည်ရှိသဖြင့် မြို့နယ်၏ ၅ ပုံ ၁ ပုံ ခန့်သာ ညီညာပြန့်ပြူးပြီး ကျန် ၄ ပုံမှာ သစ်တောလျှိုမြောင်များ ဖြစ်သည်။ ချောင်းများပေါများပြီး ချောင်းများသည် မြောက်မှ တောင်သို့ စီးဆင်းလျှက်ရှိသည်။ ဆင်သေချောင်းနှင့် နဝင်းချောင်းတို့မှာ ထင်ရှားပြီး ဆင်သေချောင်းသည် ပဲခူးရိုးမ တောင်တန်းမှ မြစ်ဖျားခံပြီး အဆုံရွာအနီးတွင် နဝင်းချောင်းနှင့်ပေါင်းမိပြီး ဆင်သေချောင်းဟု တစ်ပေါင်းတည်း စီးဆင်းသွားပါသည်။ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၂၅၀ ပေအထက်တွင် တည်ရှိပါသည်။ ပူအိုက်စွတ်စိုသော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၄၁.၄˚C ဖြစ်သည်။ စီးပွားရေး အချက်အချာကျသော ဒေသတစ်ခုဖြစ်ပြီး ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပါသည်။ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပါသည်။ တပ်ကုန်းမြို့နယ်၏ အဓိကထွက်ကုန်မှာ စပါး၊ ပဲ၊ နှမ်း၊ သီးနှံစုံတို့ ဖြစ်သည်။

Attractions in တပ်ကုန်း