"တံတားဦး"

တံတားဦးမြို့နယ်သည် ရပ်ကွက် ၃ ခု၊ ကျေးရွာအုပ်စု ၆၁ စု၊ ကျေးရွာပေါင်း ၁၆၄ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၁၄၄၇၁၆ ကျော် နေထိုင်ပါသည်။ မြို့နယ်သည် အရှေ့မှအနောက်သို့ ၁၅ မိုင်နှင့် တောင်မှ မြောက်သို့ ၃၅ မိုင်ရှည်လျားပါသည်။ တံတားဦးမြို့နယ်သည် ဧရာဝတီမြစ်ဝှမ်း၊ မြစ်ငယ်မြစ်ဝှမ်းနှင့် စမုံမြစ်ဝှမ်းတို့အကြားတွင် တည်ရှိသောကြောင့် မြေပြန့်လွင်ပြင်ဖြစ်ပြီး ပျမ်းမျှအားဖြင့် ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၂၅၀ နှင့် ၃၀၀ ပေ အကြားတွင် တည်ရှိပါသည်။ မြစ်ချောင်းများ နည်းပါးသည့် ဒေသတစ်ခု ဖြစ်ပြီး မြို့နယ်အတွင်း ထင်ရှားသည့်မြစ်မှာ ဧရာဝတီမြစ်ဖြစ်ပါသည်။

ဒေသသမိုင်းအကျဉ်း

တံတားဦးမြို့နယ်သည် ပုဂံခေတ်တွင် လယ်တွင်း ၉ ခရိုင်အတွင်း ပါဝင်ခဲ့ပြီး သက္ကရာဇ် ၃၉၂ ခုနှစ်တွင် အနော်ရထာမင်းကြီး ဆည်ဖို့ခဲ့သော ပြူကန် ကန်တော်ကြီးနှင့် မင်းဝံတောင်ညွန့်အောင်မြေကုန်းတွင် တည်ထားခဲ့သော ထီးလှိုင်ရှင်ကျန်စစ်မင်းကြီး၏ ထီးလှိုင်ရှင်ဘုရား တည်ရာဒေသလည်း ဖြစ်သည်။ ပုဂံ၊ မြင်စိုင်း၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင်ဟူသော မြန်မာနိုင်ငံ သမိုင်းကွင်းဆက်များတွင် ပင်းယနှင့်အင်းဝမြို့ဟောင်းများ  တည်ရှိရာဒေသ လည်းဖြစ်ပါသည်။ ပင်းယမြို့ကို သက္ကရာဇ် ၆၇၄ ခုနှစ်တွင် တစီးရှင်သီဟသူ တည်ခဲ့ပြီး၊ မြို့သက် ၅၃ နှစ်၊ မင်းဆက်ပေါင်း ၆ ဆက် စိုးစံခဲ့ပြီးနောက် သက္ကရာဇ် ၇၂၆ ခုနှစ်တွင် မင်းနေပြည်တော်မှာ ပျက်စီးခဲ့ရပါသည်။ ယခုအခါ တံတားဦးမြို့၏ တောင်ဘက် ၃ ဖာလုံအကွာတွင် ပန်းယျရွာအဖြစ် တည်ရှိလျက်ရှိပါသည်။ အင်းဝမြို့ကို သက္ကရာဇ် ၇၂၆ ခုနှစ်တွင် သတိုး မင်းဖျားတည်ခဲ့ပြီး မြို့သက် ၃၈၇ နှစ်၊ မင်းဆက်ပေါင်း ၃၂ မင်း ရှိခဲ့ပါသည်။

ပုဂံနှင့် ပင်းယခေတ်ထိုး ကျောက်စာများတွင် တံတားဦးဟူသော ဝေါဟာရကို တွေ့ရပါသည်။  မြန်မာသက္ကရာဇ် ၁၀၉၁ ခုနှစ် "တနင်္ဂနွေမင်း" လက်ထက်တည်မြို့ရွာဖွဲ့စည်း ပုံတင်သွင်းသော စာတမ်းတွင် တံတားဦးမြို့သည် တောင်ဘက်တိုက် ၁၉ မြို့ ထဲတွင်ပါဝင်ကြောင်း တွေ့ရှိရပါသည်။ အရှည်တာ ၄၀၀ ကျော်၊ အကျယ် ၂၁ တောင်ရှိ စလင်းမြို့စားမင်းသားကြီးဦးအို တည်ဆောက်ခဲ့သော မဟာ ဇေယျ ပထအုတ်တံတား၏ ထိပ်တွင်တည်ရှိနေ၍ "တံတားဦး"ဟု ခေါ်တွင်ခဲ့ပါသည်။ တံတားဦးမြို့အဖြစ် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ (၁၂-၁၂-၁၉၇၂)ရက်စွဲပါစာအမှတ်၊ ၁၀၂/၄၂/စိတ်(၁)ဖြင့် ထုတ်ပြန်သည့် အမိန့် ကြေညာစာနှင့် (၅-၃-၁၉၇၃)ရက်စွဲပါစာအမှတ်၊ ၃/၅၇/အထ(၂)ဖြင့် ထုတ်ပြန် သည့် အမိန့်ကြေညာစာများဖြင့် မြို့နှင့်ကျေးရွာများအဖြစ် သတ်မှတ် ပြဌာန်းးခဲ့ပါသည်။

Attractions in တံတားဦး