"ရေနံချောင်း"

ရေနံချောင်းမြို့နယ်ကို ပြည်ထဲရေးဝန်ကြီးဌာန၏ (၂၇.၈.၁၉၇၃) ရက်စွဲပါ စာဖြင့် ရေနံချောင်းမြို့ဟု ဖွဲ့စည်းထားရှိပါသည်။ ရေနံချောင်းမြို့နယ်တွင် ရပ်ကွက် ၁၄ ခု၊ ကျေးရွာအုပ်စု ၂၉ စု၊ ကျေးရွာပေါင်း ၁၄၅ ရွာပါဝင်ပြီး စုစုပေါင်းလူဦးရေမှာ ၁၅၉၀၀၀ ကျော်ဖြစ်သည်။ ရေနံချောင်းမြို့နယ်သည် ၃၈၈.၉၆ စတုရန်းမိုင်ကျယ်ဝန်းသည်။ အရှေ့မှအနောက်သို့ ၂၄ မိုင်၊ တောင်မှမြောက်သို့ ၂၂ မိုင် ရှည်လျားသည်။ အရှေ့ဘက်တွင် နတ်မောက်မြို့နယ်၊ တောင်ဘက်တွင် မကွေးမြို့နယ်၊ အနောက်ဘက်တွင် ပွင့်ဖြူမြို့နယ်၊ စလင်းမြို့နယ်၊ မြောက်ဘက်တွင် ချောက်မြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ်တို့နှင့် ထိစပ်လျှက်ရှိသည်။ ရေနံချောင်းမြို့နယ်သည် တောင်ကုန်းများ၊ ချိုင့်ဝှမ်းများ ပေါများသည်။ ပင်လယ်ရေမျက်မှာပြင်အထက် ပေ ၆၅၀ အမြင့်တွင် တည်ရှိသည်။ ဧရာဝတီမြစ်သည် မြောက်မှတောင်သို့၊ ပင်းချောင်းသည် အရှေ့မှအနောက်သို့ စီးဆင်းသည်။ ဧရာဝတီမြစ်၏ အခြားလက်တက်မှာ အရှေ့ဘက် ပဲခူးရိုးမမှ ချောင်းဖြားခံသော ပင်းချောင်းဖြစ်သည်။ ဧရာဝတီမြစ်အတွင်း သင်္ဘော၊ စက်လှေများ သွားလာနိုင်သည်။ ခြောက်သွေ့သော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၄၄˚C ဖြစ်သည်။ ရေနံချောင်းမြို့နယ်သည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးသော မြို့နယ်တစ်ခုဖြစ်သည်။ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည်။ ရန်ကုန်-ပြည်-မန္တလေး လမ်းမပေါ်တွင် တည်ရှိသဖြင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သည်။ အဓိက ထွက်ကုန်မှာ မြေပဲ၊ နှမ်း၊ ကြက်သွန်တို့ ဖြစ်သည်။

Attractions in ရေနံချောင်း