"ပျဉ်းမနား"

ပြည်ထဲရေးဝန်ကြီးဌာန၏ (၂၈.၉.၂၀၁၃) ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် ပျဉ်းမနားမြို့နယ်ကို ရပ်ကွက် ၇ ခု၊ ကျေးရွာအုပ်စု ၂၉ စု၊ ကျေးရွာပေါင်း ၁၄၀ ဖြင့် ပြင်ဆင်ဖွဲ့စည်းထားရှိပါသည်။ လူဦးရေပေါင်း ၁၇၆၀၀၀ ကျော် နေထိုင်ပါသည်။ ပျဉ်မနားမြို့နယ်သည် ၄၂၅.၇၈ စတုရန်းမိုင် ကျယ်ဝန်းသည်။ အရှေ့ဘက်တွင် ပင်လောင်းမြို့နယ်၊ တောင်ဘက်တွင် ဒက္ခိဏသီရိမြို့နယ်၊ အနောက်ဘက်တွင် ဇမ္ဗူသီရိမြို့နယ်၊ မြောက်ဘက်တွင် ပုဗ္ဗသီရိမြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျှက်ရှိသည်။ အရှေ့ဘက်ခြမ်းတွင် ရှမ်းရိုးမ အနောက်ပိုင်းနှင့် ဆက်စပ်လျက်ရှိပြီး မြေပြန့်ချိုင့်ဝှမ်းနှင့် မြေပြန့်လွင်ပြင်မြစ်ချောင်းများရှိသည်။ ငလိုက်ချောင်းသည် ညောင်ပင်သာကျေးရွာအနီး ပေါင်းလောင်းမြစ်အတွင်းသို့ စီးဝင်ပါသည်။ ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၃၂၀ အထက်တွင် တည်ရှိသည်။ ပူနွေးစွတ်စိုသော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၄၃.၅ ဒီကရီစင်တီဂရိတ်ဖြစ်သည်။ အဓိက ဆည်ကြီးများမရှိသော်လည်း ပတ်ဝန်းကျင်မြို့နယ်များတွင် ငါးလိုက်ဆည်၊ ရေဆင်းဆည်နှင့် ပေါင်းလောင်း ရေလွှဲဆည်ကြီးများ ဝန်းရံတည်ရှိပါသည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရှိသော မြို့နယ်တစ်ခုဖြစ်သည်။ ဒေသခံများသည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး တပိုင်တနိုင် အိမ်တွင်းမှု လုပ်ငန်းများကိုလည်း လုပ်ကိုင်ကြသည်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သော မြို့နယ်တစ်ခုဖြစ်သည်။ အဓိကထွက်ကုန်မှာ ဆန်၊ စပါး၊ ပဲအမျိုးမျိုးတို့ ဖြစ်သည်။

Attractions in ပျဉ်းမနား