"ပင်လောင်း"

ပင်လောင်းမြို့နယ်အား ပြည်ထဲရေးဝန်ကြီးဌာန၏ (၁၅.၁.၂၀၁၀) ရက်စွဲပါ အမိန့်ကြော်ငြာစာအရ နောင်တရားမြို့နှင့် ပေါင်းလောင်းမြို့အပါ ရပ်ကွက် ၁၉ ခု၊ ကျေးရွာအုပ်စု ၂၅ စု၊ ကျေးရွာပေါင်း ၄၃၄ ရွာဖြင့် ဖွဲ့စည်းထားရှိပြီး လူဦးရေပေါင်း ၁၈၀၀၀၀ ကျော် နေထိုင်ပါသည်။ ပင်လောင်းမြို့နယ်သည် တောင်နှင့်မြောက် ၃၂ မိုင်၊ အရှေ့နှင့်အနောက် ၄၈ မိုင်ရှည်လျားပြီး ၁၂၉၃.၄၃ စတုရန်းမိုင် ကျယ်ဝန်းသည်။ အရှေ့ဘက်တွင် ညောင်ရွှေမြို့နယ်၊ တောင်ဘက်တွင် ဖယ်ခုံမြို့နယ်၊ အနောက်ဘက်တွင် တပ်ကုန်းမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ မြောက်ဘက်တွင် ကလောမြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျှက်ရှိသည်။ တောင်ကုန်းတောင်တန်း ပေါများပြီး တောင်တန်းများသည် မြောက်မှ တောင်သို့ သွယ်တန်းလျှက် ရှိသည်။ ချောင်းများနည်းပါးပြီး ချောင်းများမှာ မြောက်မှတောင်သို့ စီးဆင်းလျှက်ရှိသည်။ ဘီလူးချောင်းမှာ ထင်ရှားပြီး ပင်လောင်းမြို့အနီးမှဖြတ်၍ မြောက်မှတောင်သို့ စီးဆင်းပါသည်။ ပင်လောင်းမြို့သည် ပင်လယ်ရေ မျက်နှာပြင်အထက် ပျမ်းမျှအမြင့် ၄၈၀၀ ပေအထက်တွင် တည်ရှိသည်။ အမြင့်ဆုံးတောင်မှာ လွယ်မောင်းတောင် (၆၁၂၄ပေ) ဖြစ်သည်။ အေးမြစိုစွတ်သော ရာသီဥတုရှိပြီး အနိမ့်ဆုံးအပူချိန်မှာ (-၁˚C) ဖြစ်သည်။ စီးပွားရေး အချက်အချာကျသော မြို့နယ်တစ်ခုဖြစ်ပြီး ဒေသခံများသည် စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ကြသည်။ ပင်လောင်းမြို့သည် အောင်ပန်း-ပင်လောင်း-မိုးဗြဲ-လွိုင်ကော်လမ်း၊ ပင်လောင်း-ပျဉ်းမနားလမ်းမပေါ်တွင် တည်ရှိ၍ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပါသည်။ မြို့နယ်၏ အဓိက ထွက်ကုန်မှာ လက်ဖက်ဖြစ်သည်။ ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့မှ နမ့်မွန်ကြီးရေတံခွန်မှာ သွားရောက်လည်ပတ်ချင်စရာ ကောင်းလှပါသည်။

Attractions in ပင်လောင်း