"ငါန်းဇွန်"

ငါန်းဇွန်မြို့နယ်သည် ရပ်ကွက် ၄ ခု၊ ကျေးရွာအုပ်စု ၄၄ စု၊ ကျေးရွာပေါင်း ၁၅၈ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၁၄၁၄၄၆ ကျော် နေထိုင်ပါသည်။ မြို့နယ်သည် ၃၅၅.၉၉၁ စတုရန်းမိုင် ကျယ်ဝန်းပြီး အရှေ့မှ အနောက်သို့ ၂၁ မိုင်၊ တောင်မှမြောက်သို့ ၂၀ မိုင်ရှည်လျား ပါသည်။ အရှေ့ ဘက်တွင်တံတားဦးမြို့နယ်၊ တောင်ဘက်တွင် နွားထိုးကြီးမြို့နယ်၊ အနောက်ဘက်တွင် မြင်းခြံမြို့နယ်နှင့် မြောက်ဘက်တွင် မြင်းမူမြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျက်ရှိပါသည်။ ငါန်းဇွန်မြို့နယ်သည် ယေဘူယျအားဖြင့် ပြန်ပြူးလျက်ရှိသော မြေမျက်နှာ သွင်ပြင်ရှိပါသည်။ မြို့နယ်တောင်ပိုင်းနှင့် အနောက်ပိုင်းတို့တွင် ကျောက်ကုန်းများ၊ ကျောက်ကမူများ အနည်းငယ်ရှိပါသည်။ မြို့နယ်အတွင်း ဧရာဝတီမြစ်သည် အရှေ့မှအနောက်သို့ စီးဆင်းလျှက်ရှိပြီး ငါန်းဇွန်မြို့၏ အရှေ့ဘက်တွင်ရှိသော မီးပြန်ချောင်း သည် တောင်မှမြောက်သို့ စီးဆင်းလျက်ရှိပြီး အရှည် ၂၀ မိုင် ရှိပါသည်။

ဒေသသမိုင်းအကျဉ်း

ငါန်းဇွန်မြို့နယ် တည်နေရာ၌ ရှေးယခင်က အလွန်ကြီးမားသော ငါန်းမြွေကြီးတစ်ကောင် ဆိုးသွမ်းလျက်ရှိပြီး မြွေကြီး၏ရန်ကို မည်သူမျှ ဖြိုခွင်း နိုင်ခြင်း မရှိခဲ့ကြောင်း၊ အလောင်းစည်သူမင်း တိုင်းခန်းလှည့်လည် လာစဉ် မြွေကြီး သည် မင်းကြီးကိုမြင်သည်နှင့် တွန်ကျူးလျှက် ဦးသုံးကြိမ် ပြု၍ငြိမ်ဝပ်သွားကြောင်း၊ ထိုနေရာအား ငါန်းတွန်ရွာဟု အလောင်းစည်သူ မင်းကသမုတ်ခဲ့ကြောင်း၊ ကာလရွှေ့လျား၍ငါန်းတွန်မှ ငါန်းဇွန်ဟုဖြစ်လာ ကြောင်းဒေသရာဇဝင် (ပါးစပ်ရာဇဝင်) ရှိခဲ့ပါသည်။ ထို့ပြင် ရှေးသမိုင်းဝင် ကျောက်စာ အထောက်အထားအရ ပုဂံခေတ် နရသီဟမင်းလက်ထက် သက္ကရာဇ် ၆၁၂ ခုနှစ်တွင် ရေးထိုးသော ပုဂံမြို့ အဟာသမန်းကျောင်း ကျောက်စာတွင် ငါန်းဇွန်အရပ်ဟူ၍ ဖော်ပြထားကြောင်း အစောဆုံးတွေ့ရှိ ရပါသည်။ သီပေါမင်းပါတော်မူသော ၁၈၈၅ ခုနှစ် နောက် ၁၇ နှစ် အကြာ ၁၉၀၂ ခုနှစ်တွင် မြို့အုပ်မင်းရုံး စိုက်ခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာန (၃၀-၆- ၁၉၇၂) ရက်စွဲပါ အမိန့်ကြော်ငြာစာအရ မြို့အဖြစ် တရားဝင် သတ်မှတ်ခဲ့ ပါသည်။

Attractions in ငါန်းဇွန်