"မြောက်ဦး"

မြောက်ဦးမြို့နယ်သည် ရပ်ကွက် ၇ ခု၊ ကျေးရွာအုပ်စု ၉၆ စု၊ ကျေးရွာပေါင်း ၂၄၈ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၂၄၄၉၈၁ ကျော်နေထိုင်ပါသည်။ မြို့နယ်ဧရိယာအကျယ်အဝန်း ၄၉၀.၉၇ စတုရန်းမိုင်ရှိပါသည်။ မြောက်ဦးမြို့နယ်သည် အရှေ့ဘက်တွင် မင်းပြားမြို့နယ်၊ အနောက်ဘက်တွင် ပုဏ္ဏားကျွန်းမြို့နယ်နှင့် ကျောက်တော်မြို့နယ်၊ တောင်ဘက်တွင် ပေါက်တောမြို့နယ်၊ မြောက်ဘက်တွင် ကျောက်တော်မြို့နယ်နှင့် ပလက်ဝမြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိပါသည်။

မြောက်ဦးမြို့နယ်တွင် တောင်ကုန်းတောင်တန်းများ၊ မြစ်ဝှမ်း မြေနိမ့်လွင်ပြင်များရှိပြီး (၃၂%) မှာတောင်ကုန်း တောင်တန်းများဖြစ်၍ (၆၈%)မှာ မြစ်ဝှမ်းမြေနိမ့်လွင်ပြင်များဖြစ်ပါသည်။ မြစ်၊ ချောင်း၊ အင်းအိုင်များ ပေါများသော ဒေသဖြစ်ပါသည်။ မြောက်ဦးမြို့နယ်ရှိ လေးမြို့မြစ်၊ သရီချောင်း၊ ရမ်းချောင်း၊ ကြက်ကျမြစ်များသည် မြောက်မှတောင်သို့ စီးဆင်းလျက်ရှိပါသည်။ မြောက်ဦးမြို့နယ်တွင် အမြင့်ဆုံးတောင်မှာ လေသာတောင်ဖြစ်၍ ပင်လယ်ရေမျက်နှာပြင် အထက် ၄၅၀ ပေဖြစ်သည်။

ဒေသသမိုင်းအကျဉ်း

မြောက်ဦးမြို့သည် ဓညဝတီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦး စသည့် ခေတ်ကြီးလေးခေတ်အနက် နောက်ဆုံးခေတ်ဖြစ်သော မြောက်ဦး ခေတ်၏ မင်းနေပြည်တော်ဖြစ်ပါသည်။ မြောက်ဦးမြို့ ဟု ခေါ်တွင်ရခြင်းမှာ အယူအဆအမျိုးမျိုးရှိပါသည်။ ဘုရင်မင်းစောမွန်သည် လေးမြို့ခေတ် ကုန်ဆုံး၍ မြို့သစ်ရှာစဉ် ငါးရှာနေကြသော သမီးယောက်မ ၂ ဦးမှ မြောက်ဦး၊ ဝသဲ အချီအချခေါ်ထူးသံကိုကြားရသည့်နိမိတ်ကြောင်းကို အစွဲပြု၍လည်းကောင်း၊ ယခုနန်းတော်ကုန်း နန်းတော်ရာရှိ တောင်ညို တောင်၊ ကုက္ကားတောင်များကို တူးဖြိုစဉ် ရွှေဥဒေါင်းဥကို မျောက်ကစောင့်နေသည်ကို တွေ့ရသောကြောင့်လည်းကောင်း အတိတ်ဆောင်၍ မြောက်ဦးမြို့ဟု ခေါ်တွင်ပါသည်။ သက္ကရာဇ် ၇၉၂ ခု၊ အေဒီ(၁၃၄၀)ခုတွင် ရခိုင်ဘုရင် မင်းစောမွန်သည် မြောက်ဦးမြို့ကို စတင်တည်ထောင်ခဲ့ပါသည်။ မြောက်ဦးမြို့ ကို ဘုရင်မင်းစောမွန်မှ ဘုရင်မဟာသမ္မတရာဇာထိ မင်းဆက်ပေါင်း ၄၉ ဆက် ထီးနန်းစိုးစံခဲ့ပါသည်။ ရခိုင်မင်းဆက်များ ပျက်သုဉ်းပြီးနောက် မြောက်ဦးမြို့ကို မြို့ဟောင်းဟူ၍ ခေါ်တွင်ခဲ့ပါသည်။ ၁၉၇၈ ခုနှစ်တွင် ပြည်ထဲရေးဝန်ကြီးဌာန၏(၁၅-၉-၁၉၇၈)ရက်စွဲပါစာအမှတ်၊ ၂/၁၀၅/ အထ(၂) အရ မြို့ဟောင်းမြို့ မှ မူလအမည် မြောက်ဦးမြို့ဟု ပြန်လည်မှည့်ခေါ်လာကာ ပြည်ထဲရေးဝန်ကြီးဌာန၏(၂၄-၁၂-၂၀၁၂)ရက်စွဲပါစာအမှတ်၊ ၂၀၀ / ၂၃ - ၇၈ / ဦး ၁ အမိန့်ကြော်ငြာစာဖြင့် မြောက်ဦးမြို့အား ခရိုင်မြို့အဖြစ် သတ်မှတ်ခဲ့ပါသည်။

Attractions in မြောက်ဦး