"မအူပင်"

မအူပင်မြို့နယ်၏ အကျယ် အဝန်းမှာ ၅၁၅.၃၈ စတုရန်းမိုင်ကျယ်ဝန်း ပါသည်။ အရှေ့မှ အနောက်သို့  ၂၆ မိုင် ၄ ဖာလုံရှိပြီး တောင်မှမြောက်သို့  ၂၅ မိုင် ၁ ဖာလုံရှည်လျား ပါသည်။ မအူပင်မြို့နယ်၏ အရှေ့ဘက်တွင် ဧရာဝတီတိုင်းဒေသကြီး မအူပင် ခရိုင် ၊ ညောင်တုန်း မြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့တို့နှင့် ဆက်စပ်လျက်ရှိပြီးတောင်ဘက်တွင် ဧရာဝတီတိုင်း ဒေသကြီး ကျိုက်လတ် မြို့နှင့်ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် ဝါးခယ်မ မြို့နယ်နှင့်ထိစပ်လျက် ရှိပြီး မြောက်ဘက်တွင် ပန်းတနော်မြို့နယ်နှင့် နယ်နိမိတ် ထိစပ်လျက်ရှိပါသည်။

မအူပင်မြို့နယ်တွင် မြစ်ချောင်းများပေါများပြီး မြစ်ချောင်း များသည် မြောက်မှ တောင်သို့ စီးဆင်းလျက် ရှိပါသည်။ ထင်ရှားသော မြစ်များမှာ တိုးမြစ်နှင့် ရာဇူတိုင်မြစ်တို့ဖြစ်ပြီး တိုးမြစ်မှာ အရှည်မိုင် (၄၆) မိုင် ရှိကာ ရာဇူတိုင်မြစ်မှာ အရှည်မိုင်(၂၅)မိုင်ဖြစ်ပါသည်။

ဒေသသမိုင်းအကျဉ်း

အင်္ဂလိပ်နယ်ချဲ့အစိုးရသည် ၁၈၅၂ခုနှစ်တွင် ပဲခူးမြို့ကို သိမ်းပိုက် ပြီးသောအခါအောက်မြန်မာ ပြည် ကို ပဲခူးတိုင်းဟု ဖွဲ့စည်းခဲ့ပါသည်။ ပဲခူးတိုင်းတွင် ဟံသာဝတီခရိုင်၊ ဟင်္သတခရိုင် ၊ ပုသိမ်ခရိုင် ဟူ၍ ၃ ခု ခွဲထားရာ မအူပင်မြို့ တည်နေရာသည် ဟံသာဝတီခရိုင်၊ ဒလမြို့နယ်ခွဲတွင် ပါ၀င်သော ရွာငယ်လေး တစ်ခု မျှသာဖြစ်ပါသည်။ ၁၈၇၅ ခုနှစ်ရောက်သောအခါ ပဲခူးတိုင်းတွင် သုံးခွခရိုင်ဟု ခရိုင်အသစ်တစ်ခု ထပ်မံ တိုးချဲ့ ဖွဲ့စည်းပါသည်။ ၁၈၇၅ ခုနှစ်တွင် သုံးခွခရိုင်ပထမဆုံးသော အရေးပိုင်အက်စ်တီစမစ် (S.T Smith) သည် မအူပင်တည်ရှိသည့် ရွာကို ခရိုင်သစ် ရုံးစိုက်ရာ မြို့အဖြစ် ပြင်ဆင်ခဲ့ပါသည်။ ၁၈၇၆ ခုနှစ် သုံးခွမြို့မှ မအူပင်ရွာတည်ရှိသည့် ရွာငယ်နေရာအား သုံးခွခရိုင်ရုံးကို ပြောင်းရွေ့ဖွင့်လှစ်ခဲ့ပြီး ရွာ၏ ထိပ်တွင် မအူပင် ကြီးတစ်ပင်ရှိရာမှ မအူပင်မြို့ဟု ခေါ်တွင်လာရခြင်း ဖြစ်ပါသည်။

Attractions in မအူပင်