"လားရှိုး"

လားရှိုးမြို့၏ မူလနေရာသည် ယခုလားရှိုးကြီးရပ်ကွက်တွင် တည်ရှိသော ရွာကလေးတစ်ရွာမျှသာဖြစ်ပြီး နမ့်ယော်ချောင်းထဲသို့ စီးဝင်သော လက်တက်တစ်ခုဖြစ်သည့် (နမ့်သျှို)ချောင်းအနီးတွင် တည်ရှိပါသည်။ အဆိုပါ ချောင်းကို အစွဲပြု၍ လိုင်လျှိုရွာဟု ခေါ်ဆိုခဲ့ပါသည်။ နောင်တွင် အသံပြောင်းလဲလာပြီး လားရှိုးဟု ဖြစ်လာခဲ့ပါသည်။ လားရှိုးမြို့ကို ပြည်ထဲရေးဝန်ကြီးဌာန၏ (၃၁.၇.၁၉၇၂) ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် မြို့အဖြစ် သတ်မှတ်ခဲ့ပြီး (၃.၉.၁၉၇၇) ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် မြို့နယ်အဖြစ် ဖွဲ့စည်းခဲ့ပါသည်။ ပြည်ထဲရေးဝန်ကြီးဌာန၏ (၂၈-၃-၂၀၁၁) ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် လားရှိုးမြို့နယ်ကို ရပ်ကွက် ၁၂ ခု၊ ကျေးရွာအုပ်စု ၇၅ စု၊ ကျေးရွာပေါင်း ၄၉၀ ရွာဖြင့် ပြန်လည်ပြင်ဆင် ဖွဲ့စည်းထားရှိပါသည်။ လူဦးရေပေါင်း ၂၉၀၀၀၀ ကျော် နေထိုင်ပါသည်။ လားရှိုးမြို့နယ်သည် အရှေ့မှအနောက်သို့ ၆၁ မိုင်၊ တောင်မှမြောက်သို့ ၃၄ မိုင် ရှည်လျားပြီး ၁၆၃၃.၄၁ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ အရှေ့ဘက်တွင် ကွမ်းလုံမြို့နယ်နှင့် တန့်ယန်းမြို့နယ်၊ တောင်ဘက်တွင် မိုင်းရယ်မြို့နယ်၊ အနောက်ဘက်တွင် သီပေါမြို့နယ်၊ မြောက်ဘက်တွင် သိန်းနီမြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျှက်ရှိသည်။ လားရှိုးမြို့နယ်တွင် ကျယ်ပြန့်သော လွင်ပြင်နှင့် တောင်စွယ် တောင်တန်းများ ရှိပါသည်။ လားရှိုးမြို့နယ်သည် မြစ်ချောင်းများ နည်းပါးသော ဒေသတစ်ခု ဖြစ်သည်။ နမ့်ယော်ချောင်းနှင့် နမ့်မချောင်းတို့သည် အရှေ့မှအနောက်သို့ စီးဆင်းလျှက်ရှိပြီး နမ့်ပေါင်ချောင်းနှင့် နမ္မတူချောင်းတို့သည် မြောက်မှတောင်သို့ စီးဆင်းလျှက်ရှိသည်။ လားရှိုးမြို့နယ်သည် ပင်လယ်ရေ မျက်နှာပြင်အထက် ပျမ်းမျှအမြင့် ၂၈၀၆ ပေအထက်တွင် တည်ရှိပါသည်။ လားရှိုးမြို့နယ်သည် အေးမြစိုစွတ်သော ရာသီဥတုရှိပြီး အမြင့်ဆုံး အပူချိန်မှာ ၃၈˚C ဖြစ်သည်။ လားရှိုးမြို့နယ်သည် စီးပွားရေး အချက်အချာကျသော မြို့နယ်ဖြစ်သည်။ ဒေသခံပြည်သူများသည် စိုက်ပျိုးရေး၊ ဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်ကြသည်။ လားရှိုးမြို့နယ်သည် ကုန်းလမ်းများဆုံရာတွင် တည်ရှိ၍ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပါသည်။ အဓိကထွက်ကုန်မှာ အစေ့ထုတ်ပြောင်း၊ မြေပဲ၊ ပန်းနှမ်း၊ ပဲပုပ်၊ လက်ဖက်တို့ဖြစ်သည်။

Attractions in လားရှိုး