"လမ်းမတော်"

လမ်းမတော်မြို့နယ်ကို ကုန်းဘောင်ခေတ် သာယာဝတီမင်းလက်ထက်တွင် တည်ထောင်ခဲ့ပါသည်။ ရွှေတိဂုံဘုရား လမ်းတည်ရာ ကုန်းတော်ပေါ်သို့ ဝင်ပေါက် ၃ ပေါက် ရှိသည့်အနက် တောင်ဘက်ဝင်ပေါက်တံခါးနှင့် တည့်တည့်လမ်းကို လမ်းမတော်လမ်းဟု ခေါ်ပါသည်။ ယင်းလမ်းကို အခြေပြု၍ လမ်းမတော်လမ်းမှ အောင်ရတနာလမ်းအထိ လမ်းမတော်မြို့နယ်ဟု အမည်ပေးခဲ့ပါသည်။ လမ်းမတော်မြို့နယ်သည် အရှေ့မှအနောက်သို့ ၀.၆၇၉ မိုင်၊ တောင်မှမြောက်သို့ ၀.၆၈၁ မိုင် ရှည်လျားပြီး စတုရန်းမိုင်ပေါင်း ၀.၅၄၄ မိုင် ကျယ်ဝန်းပါသည်။ အရှေ့ဘက်တွင် လသာမြို့နယ်၊ တောင်ဘက်တွင် ရန်ကုန်မြစ်၊ အနောက်ဘက်တွင် အလုံမြို့နယ်၊ မြောက်ဘက်တွင် ဒဂုံမြို့နယ်တို့ တည်ရှိသည်။ လမ်းမတော်မြို့နယ်သည် ပင်လယ်ရေ မျက်နှာပြင်အထက် ပေ ၃၀ တွင် တည်ရှိပါသည်။ ရေစီးရေလာကောင်းမွန်ရေးအတွက် ကျုံးကြီးမြောင်း (ကျုံးကြီး) မှတဆင့် ရန်ကုန်မြစ်သို့ ရေစီးဆင်းပါသည်။ ဂျိုးဖြူရေလှောင်ကန်မှ ဖြန့်ဝေသောရေကို သောက်သုံးရေအဖြစ် သုံးစွဲကြပါသည်။ လမ်းမတော်မြို့နယ်တွင် ပူအိုက်စွတ်စိုသော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၄၂˚C ဖြစ်သည်။ လမ်းမတော်မြို့နယ်ကို ရပ်ကွက် ၁၂ ခုဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၃၇၀၀၀ ကျော် နေထိုင်ပါသည်။ မြို့နယ်သည် စီးပွားရေး အချက်အချာကျပြီး အခြားပြည်နယ်နှင့်တိုင်းများမှ ဝင်ရောက်လာသော ကုန်ပစ္စည်းများကို မြို့နယ်အတွင်း ဈေးများမှတဆင့် လက်လီ/ လက်ကား ရောင်းဝယ်လျှက်ရှိသည်။ လမ်းမတော်မြို့နယ် (၈) ရပ်ကွက်ရှိ အ.ထ.က (၁) (စိန်ဂျွန်း) သည် ထင်ရှားပါသည်။လမ်းမတော်မြို့နယ်နှင့် လသာမြို့နယ်တို့သည် ရန်ကုန်မြို့၏ တရုတ်တန်းဖြစ်သည်။

Attractions in လမ်းမတော်