"ကျောက်တံတား"

ယခုမဟာဗန္ဓုလပန်းခြံနေရာ၏တောင်ဘက်ပိုင်းသည် ယခင်က ရေလယ်ကျွန်းဖြစ်၍ ဆူးလေဘုရားဘက်သို့ ကူးရန် ကျောက်တံတားတစ်ခုရှိခဲ့သည်ကို အကြောင်းပြု၍ ကျောက်တံတားအရပ်ဟု အမည်တွင်ခဲ့ပါသည်။ ကျောက်တံတားမြို့နယ်တွင် ရပ်ကွက် ၉ ခုပါဝင်ပြီး လူဦးရေပေါင်း ၂၇၀၀၀ ကျော် နေထိုင်ပါသည်။ အရှေ့မှအနောက်သို့ ၀.၃၈ မိုင်၊ တောင်မှမြောက်သို့ ၀.၇၂ မိုင်ရှည်လျားကာ ၀.၂၇၅ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ အရှေ့ဘက်တွင် ဗိုလ်အောင်ကျော်လမ်း (ဗိုလ်တထောင်မြို့နယ်)၊ အနောက်ဘက်တွင် ဆူးလေဘုရားလမ်း (ပန်းဘဲတန်းမြို့နယ်)၊ တောင်ဘက်တွင် ကမ်းနားလမ်း၊ မြောက်ဘက်တွင် ဗိုလ်ချုပ်အောင်ဆန်းလမ်း (မင်္ဂလာတောင်ညွန့်မြို့နယ်) တို့ တည်ရှိသည်။ ကျောက်တံတားမြို့နယ်သည် ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၇ ပေခန့် တွင် တည်ရှိပါသည်။ ကျောက်တံတားမြို့နယ်သည် ပူအိုက်စိုစွတ်သော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၄၀˚C ဖြစ်ပါသည်။ စီးပွားရေး အချက်အချာကျပြီး ဖွံ့ဖြိုးတိုးတက်မှုရှိသော မြို့နယ်တစ်ခုဖြစ်သည်။ ဒေသခံ ပြည်သူများသည် ရောင်းဝယ်ရေး လုပ်ငန်းများ၊ စားသောက်ဆိုင်လုပ်ငန်းများ၊ ပုံနှိပ်/မိတ္တူလုပ်ငန်းများ၊ ဗီဒီယိုရုပ်ရှင် ထုတ်လုပ်ရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်ကြသည်။ ကျောက်တံတားမြို့နယ်သည် ကုန်းလမ်းကြောင်းများဆုံရာ လမ်းမပေါ်တွင် တည်ရှိ၍ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပါသည်။ ကျောက်တံတားမြို့နယ်ရှိ ဆူးလေစေတီတော်သည် သမိုင်းဝင် စေတီတစ်ဆူဖြစ်ပြီး ရန်ကုန်မြို့အလယ်တွင် တည်ထားပါသည်။ ကျောက်တံတားမြို့နယ်မှ ရန်ကုန်မြို့တော်ခန်းမသည် ရှေးဟောင်းအမွေအနှစ် စာရင်းဝင် အဆောက်အဦးတစ်ခုဖြစ်ပြီး မဟာဗန္ဓုလပန်းခြံတွင်လည်း အများပြည်သူများ အပန်းဖြေနိုင်ပါသည်။

Attractions in ကျောက်တံတား