"ကလေး"

ကလေးမြို့နယ်သည် ရပ်ကွက် ၂၀ ခု၊ ကျေးရွာအုပ်စု ၄၁ စု၊ ကျေးရွာပေါင်း ၁၅၆ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၃၅၇၂၄၂ ကျော် နေထိုင်ပါသည်။ မြို့နယ်၏အကျယ် အ၀န်းမှာ  ၉၀၂.၆၁၆ စတုရန်းမိုင်၊ ၅၇၇၆၇၄ ဧကကျယ်၀န်းပါသည်။ ကလေးမြို့နယ်၏ အရှေ့ဘက်တွင် ကလေးဝမြို့နယ်နှင့် မင်းကင်းမြို့နယ်၊ တောင်ဘက်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ထိစပ်လျက် ရှိပါသည်။ အနောက်ဘက်တွင်ချင်းပြည်နယ်၊ အနောက်မြောက်ဘက် တွင် တမူးမြို့နယ်၊ အရှေ့မြောက်ဘက်တွင် မော်လိုက်မြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျက်ရှိပါသည်။ ကလေးမြို့နယ်၏ အရှေ့ဘက် တွင်ပုံတောင်ပုံညာတောင်တန်း၊ အနောက်ဘက်တွင် ချင်းတောင်တန်းတို့ တောင်မြောက်သွယ်တန်းလျက်ရှိသည်။  ကလေးမြို့နယ်သည် ရှေးဟောင်းသမိုင်းဝင်နယ်မြေတစ်ခု ဖြစ်ပါသည်။ စောခမ်းလှ၏ အဆက်အနွယ် မိုးကောင်းမဟာစောလှကြီး၏ သားတော် ကျေးတောင်ညိုမင်းသားသည် ကောဇာသက္ကရာဇ်  ၃၂ဝ၊ အေဒီ ၉၆၆  တပို့တွဲလပြည့်ကျော် ၅ ရက်၊ တနင်္ဂနွေ၊ နေ့တက်( ၂ )ဖစီးချိန်တွင် ပထမ ကလေးမြို့ကို (မာန်လုံမြို့၊ ရွှေတောင်မြို့၊ စဉ်တုံမြို့၊ ခမ်းပတ်မြို့) မြို့လေးမြို့ ကာရန်နေသောကြောင့် ကာလေးမြို့ဟုခေါ်တွင်ခဲ့ပြီး ရှည်ကြာ ပြောင်းလဲလာမှုအရ ကလေးမြို့ဟုခေါ်တွင်ခဲ့ပါသည်။ မြစ်သာမြစ်သည် ကလေးမြို့နယ်၏ အလယ်ဗဟိုခန့်တွင် တောင်မှမြောက်သို့ဖြတ်သန်းစီးဆင်းပြီး နေရဉ္စရာမြစ်သည် မြောက်မှ တောင်သို့ စီးဆင်း၍ မြစ်သာမြစ်တွင်ပေါင်းဆုံ၍ မြစ်သာမြစ်သည် နွေရာသီတွင် ရေအနက် ၂ ပေခန့်သာရှိ၍ စက်လှေများ သွားလာနိုင်ခြင်းမရှိပါ။ ကလေးမြို့နယ်ရှိ ထင်ရှားသောမြစ်များမှာမြစ်သာမြစ် နေရဉ္စရာမြစ် တို့ဖြစ်ပြီးစိုက်ပျိုး ရေ၊ သောက်သုံး ရေစသည်ဖြင့်အသုံးပြုနိုင်သည်။

Attractions in ကလေး