"ကလော"

ကလောမြို့သည် ပြည်ထဲရေးဌာန၏ အတည်ပြုချက်ဖြင့် (၁.၁၀.၁၉၆၅) ရက်နေ့တွင် ကလောမြို့နယ်ဖြစ်လာခဲ့သည်။ ပြည်ထဲရေးဝန်ကြီးဌာန၏ (၂၁.၉.၂၀၁၉) ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် ကလောမြို့နယ်ကို မြို့ ၃ မြို့၊ ရပ်ကွက် ၂၈ ခု၊ ကျေးရွာအုပ်စု ၂၆ စု၊ ကျေးရွာပေါင်း ၂၅၃ ရွာဖြင့် ပြင်ဆင်ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၁၆၀၀၀၀ ကျော် နေထိုင်ပါသည်။ ကလောမြို့နယ်သည် ၃၇၂၅၆၂ စတုရန်းမိုင် ကျယ်ဝန်းသည်။ အရှေ့ဘက်တွင် ညောင်ရွှေနှင့်တောင်ကြီး၊ အနောက်ဘက်တွင် သာစည်နှင့် ပျော်ဘွယ်၊ တောင်ဘက်တွင် ပင်လောင်း၊ မြောက်ဘက်တွင် ပင်းတယ၊ ရပ်စောက်မြို့နယ်တို့ တည်ရှိသည်။ တောင်ကုန်းတောင်တန်းပေါများသော ဒေသဖြစ်ပြီး မြို့နယ်အတွင်း တည်ရှိသော တောင်တန်းများမှာ တီခေါင်တောင်၊ မြင်းမထိတောင်၊ မနောလှတောင်၊ မြင်းကတောင်၊ မိုင်းလုံးတောင်တို့ ဖြစ်သည်။ ကလောမြို့၏အနောက်ဘက် ၃ မိုင်အကွာတွင် အရှေ့မှအနောက်သို့ စီးဆင်းနေသော မကွေချောင်းတည်ရှိပြီး ၎င်းချောင်းသည် ရွာငံမြို့နယ် ပေါင်းလောင်းမြစ် အတွင်းသို့ စီးဆင်းသွားပါသည်။ မြို့၏တောင်ဘက် ၆ မိုင်အကွာရှိ တောင်လားချောင်းသည် ကလောမြို့အလယ်မှ ဖြတ်သန်း စီးဆင်း၍ ဘီလူးချောင်းနှင့် ပူးပေါင်းသွားပြီး ဘီလူးချောင်းသည် အင်းလေးကန်အတွင်း စီးဆင်းသွားသည်။ ကလောမြို့ ရေ ရရှိရေးအတွက် အနောက်တောင်ဘက် ၆ မိုင်အကွာတွင် ရေထွက်မှ ရေများကို သိုလှောင်သည့် ရေအေးကန်ရှိသည်။ ကလောမြို့၏ အရှေ့ဘက် ၂ မိုင်ခန့်တွင် အင်းပြင်ကျေးရွာသိမ်ကန်ရေထွက် ရှိပါသည်။ ကလောမြို့၏ ပင်လယ်ရေ မျက်နှာပြင် အမြင့်မှာ ၄၃၁၅ ပေ ဖြစ်သည်။ အေးမြစွတ်စိုသော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၃၇˚C ဖြစ်သည်။ ကလောမြို့နယ်သည် စီးပွားရေးအချက်အချာကျသော မြို့နယ်တစ်ခုဖြစ်သည်။ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ကြသည်။ ကလောမြို့နယ်သည် ကားလမ်း၊ မီးရထားလမ်းများ၊ လေကြောင်းလမ်းများဖြင့် သွားလာနိုင်ပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သည်။ အဓိကထွက်ကုန်မှာ အာလူး၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ခရမ်းချဉ်၊ ဂေါ်ရခါး၊ ဂေါ်ဖီထုပ်၊ ပန်းမုံလာ၊ လိမ္မော်သီးတို့ဖြစ်သည်။

ကလောမြို့သို့ရောက်လျှင် သွားရောက်လည်ပတ်သင့်သည့်နေရာများ

Attractions in ကလော