"ချောက်"

ချောက်မြို့နယ်ကို ပြည်ထဲရေးဝန်ကြီးဌာန၏ (၁၀.၅.၂၀၁၈) ရက်စွဲပါ အမိန့်ကြော်ငြာစာအရ ရပ်ကွက် ၂၀၊ ကျေးရွာအုပ်စု ၅၁ စု၊ ကျေးရွာပေါင်း ၂၂၆ ရွာဖြင့် ဖွဲ့စည်းထားပါသည်။ ချောက်မြို့နယ်တွင် လူဦးရေပါင်း ၂၁၆၀၀၀ ကျော် နေထိုင်ပါသည်။ အရှေ့မှအနောက်သို့ ၂၂ မိုင်၊ တောင်မှမြောက်သို့ ၂၆ မိုင်ရှည်လျားပါသည်။ ချောက်မြို့နယ်သည် ၃၈၂.၈၃ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ အရှေ့ဘက်တွင် ကျောက်ပန်းတောင်းမြို့နယ်၊ တောင်ဘက်တွင် ရေနံချောင်းမြို့နယ်၊ အနောက်ဘက်တွင် ဆိပ်ဖြူမြို့နယ်နှင့် စလင်းမြို့နယ်၊ မြောက်ဘက်တွင် ပုဂံ-ညောင်ဦးမြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျှက်ရှိသည်။ တောင်ကုန်းချောက်ကမ်းပါးများပေါများပြီး ပြန့်ပြူးသော မြေမျက်နှာပြင်နည်းပါးသည်။ မြေမှာ မြေနီကျောက်စရစ်မြေ၊ သဲဆန်သော မြေဖြစ်သည်။ အရှေ့ဘက်တွင် ဂွေးချိုတောင်တန်း (ပေ၂၅၀ခန့်)၊ တောင်ဘက်တွင် ချင်တောင်မတောင်၊ မြောက်ဘက်တွင် ရွှေပုံတောင်ကုန်းများရှိသည်။ မိုးနည်းရေရှားရပ်ဝန်းဒေသဖြစ်ပြီး မြေအောက်ပေ ၅၀၀ ကျော်မှသာ မြေအောက်ရေကို ရရှိသည်။ ဧရာဝတီမြစ်သည် ထင်ရှားပြီး မြောက်မှတောင်သို့ စီးဆင်းသည်။ ချောင်းအများစုမှာ နွေနှင့် ဆောင်းရာသီတွင် ရေခမ်းခြောက်၍ မိုးရာသီမှသာ ဧရာဝတီမြစ်အတွင်းသို့ စီးဝင်ပါသည်။ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၁၉၆ အထက်တွင် တည်ရှိပါသည်။ မတ်လမှဩဂုတ်လအထိ ပူပြင်းခြောက်သွေ့ပြီး အမြင့်ဆုံးအပူချိန်မှာ ၄၇.၁ ဒီကရီ စင်တီဂရိတ်ဖြစ်သည်။ စီးပွားရေးအချက်အချာကျသော မြို့နယ်တစ်ခုဖြစ်သည်။ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ကြသည်။ ကုန်းလမ်း၊ ရေကြောင်းလမ်းများဆုံရာတွင် တည်ရှိသဖြင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သည်။ အဓိကထွက်ကုန်မှာ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံဖြစ်သည်။

Attractions in ချောက်