"ဟင်္သာတ"

ဟင်္သာတမြို့နယ်ကို ရပ်ကွက် ၂၁၊ ကျေးရွာအုပ်စု ၁၀၃၊ ကျေးရွာပေါင်း ၈၂၀ ရွာဖြင့် ဖွဲ့စည်းထားပြီး မြို့နယ်အတွင်းနေထိုင်သောစုစုပေါင်းလူဦးရေမှာ ၃၄၈၀၀၀ ကျော်ဖြစ်သည်။ ဟင်္သာတမြို့နယ်သည် အရှေ့မှအနောက်သို့ ၂၄ မိုင်ရှိပြီး တောင်မှမြောက်သို့ ၂၈ မိုင် ရှည်လျားသည်။ အကျယ်အဝန်းမှာ ၃၇၈.၆၉၅ စတုရန်းမိုင် ကျယ်ဝန်းသည်။ အရှေ့တောင်ဘက်တွင် ဇလွန်မြို့နယ်၊ အရှေ့ဘက်တွင် လက်ပံတန်းမြို့နယ်၊ အနောက်ဘက်တွင် လေးမျက်နှာမြို့နယ်၊ တောင်ဘက်တွင် ကျုံပျော်မြို့နယ်နှင့် ဓနုဖြူမြို့နယ်၊ အနောက်မြောက်ဘက်တွင် အင်္ဂပူမြို့နယ်တို့အကြား တည်ရှိသည်။ ညီညာပြန့်ပြူးသော လွင်ပြင်ဒေသဖြစ်ပြီး ဧရာဝတီမြစ်နှင့် ငဝန်မြစ်တို့မှာ ထင်ရှားသည်။ မြစ်ချောင်းများပေါများပြီး မြစ်ချောင်းများသည် မြောက်မှတောင်သို့ စီးဆင်းလျက်ရှိသည်။ ဧရာဝတီမြစ်သည် ဟင်္သာတမြို့အနီး မြောက်မှတောင်သို့ စီးဆင်းလျှက်ရှိပြီး နွေရာသီတွင် ရေအနက် ၁၅ ပေခန့်သာ ရှိသော်လည်း သင်္ဘောများ၊ စက်လှေများ သွားလာနိုင်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၄၄.၃ ပေအထက်တွင်ရှိသည်။ ပူအိုက်စွတ်စိုသော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၄၀˚C ဖြစ်သည်။ ဟင်္သာတမြို့နယ်သည် စီးပွားရေးအချက်အချာကျသော မြို့နယ်တစ်ခုဖြစ်သည်။ ဒေသခံများသည် စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ကြသည်။ ကုန်းလမ်း၊ ရေလမ်းများဆုံရာတွင် တည်ရှိ၍ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပါသည်။ အဓိကထွက်ကုန်မှာ ဆန်စပါး၊ မတ်ပဲ၊ ဆီထွက်သီးနှံတို့ဖြစ်သည်။

Attractions in ဟင်္သာတ