"ဗန်းမော်"

ဗန်းမော်မြို့နယ်သည် အရှေ့မှအနောက်သို့ ၃၃ မိုင်၊ တောင်မှမြောက်သို့ ၅၅ မိုင်ရှည်လျားပြီး ၇၅၉.၀၁ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ ဗန်းမော်မြို့နယ်ကို ရပ်ကွက် ၁၆ ခု၊ ကျေးရွာအုပ်စု ၄၂ စု၊ ကျေးရွာပေါင်း ၇၁ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၁၁၀၀၀၀ ကျော် နေထိုင်ပါသည်။ ဗန်းမော်မြို့နယ်၏ အရှေ့ဘက်တွင် မိုးမောက်မြို့နယ်၊ အနောက်ဘက်တွင် ရွှေကူမြို့နယ်၊ တောင်ဘက်တွင် မန်စီမြို့နယ်၊ မြောက်ဘက်တွင် ဝိုင်းမော်မြို့နယ်တို့ တည်ရှိသည်။ ဗန်းမော်မြို့နယ်၏ အရှေ့ဘက်တွင် ကျယ်ပြန့်သော တာပိန်မြစ်ဝှမ်းရှိပြီး မြောက်ဘက်၊ တောင်ဘက်နှင့် အနောက်ဘက်တွင် တောင်ကုန်း တောင်တန်းများ ရှိပါသည်။ ဗန်းမော်မြို့နယ်တွင် မြစ်ချောင်းများ ပေါများပြီး မြောက်မှတောင်သို့ စီးဆင်းလျှက်ရှိသော ဧရာဝတီမြစ်မှာ ထင်ရှားသည်။ ဧရာဝတီမြစ်သည် နွေရာသီတွင် ရေအနက် ၄၃၃ စင်တီမီတာသာ ရှိသဖြင့် သင်္ဘော/စက်လှေများ သွားလာရာတွင် ကြန့်ကြာမှုများ ရှိတတ်ပါသည်။ ဗန်းမော်မြို့နယ်သည် ပင်လယ် ရေမျက်နှာပြင် အထက် ပျမ်းမျှ ၃၈၅ ပေ အထက်တွင် တည်ရှိပါသည်။ ဗန်းမော်မြို့နယ်သည် အပူအအေးမျှတသော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၄၂.၁˚C ဖြစ်သည်။ ဗန်းမော်မြို့နယ်သည် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး ဗန်းမော်မြို့တွင် ဗန်းမော်လေဆိပ်လည်း တည်ရှိပါသည်။ ဗန်းမော်မြို့နယ်သည် စီးပွားရေး အချက်အချာကျသော မြို့နယ်ဖြစ်ပြီး ဒေသခံ ပြည်သူများသည် စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ကြသည်။ နယ်စပ်မြို့တစ်မြို့ ဖြစ်သည့်အတွက် သွင်းကုန်/ပို့ကုန် လုပ်ငန်းများ စီးဆင်းရာ မြို့ဖြစ်သည်။

Attractions in ဗန်းမော်