"ဘားအံ"

ဘားအံမြို့နယ်ကို ရပ်ကွက် ၉ ၊ ကျေးရွာအုပ်စု ၉၁၊ ကျေးရွာပေါင်း ၄၇၇ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၄၀၉၀၀၀ ကျော် နေထိုင်လျက်ရှိသည်။ ဘားအံမြို့နယ်သည် ၁၁၂၀.၀၉ ဧရိယာစတုရန်းမိုင် ကျယ်ဝန်းပါသည်။ အရှေ့မှအနောက်သို့ ၄၀ မိုင် ၇ ဖာလုံ၊ တောင်မှမြောက်သို့ ၇၆ မိုင် ၂ ဖာလုံ ရှည်လျားပါသည်။ ဘားအံမြို့နယ်၏ အရှေ့ဘက်တွင် လှိုင်းဘွဲ့မြို့နယ်၊ တောင်ဘက်တွင် မော်လမြိုင်မြို့နယ်၊ အနောက်ဘက်တွင် သထုံမြို့နယ်နှင့် ပေါင်မြို့နယ်၊ မြောက်ဘက်တွင် ဘီးလင်းမြို့နယ်၊ ဖာပွန်မြို့နယ် တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိသည်။ ကုန်းမြင့်များထူထပ်ပြီး မြေညီမြေပြန့်များ နည်းပါးသည်။ အမြင့်ဆုံးတောင်မှာ ဇွဲကပင်တောင် (၂၇၂၇ ပေ) ဖြစ်ပြီး မြို့နယ်၏ တောင်ဘက် ၉ မိုင်အကွာတွင် တည်ရှိပါသည်။ သံလွင်မြစ်သည် မြောက်မှတောင်သို့ စီးဆင်းလျှက်ရှိပါသည်။ ပင်လယ်ရေမျက်နှာပြင် အထက် ၅၃ ပေအမြင့်တွင် တည်ရှိသည်။ ပူအိုက်စွတ်စိုသော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန် ၄၂.၃ ˚C ဖြစ်သည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်သော မြို့နယ်တစ်ခုဖြစ်ပါသည်။ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး အဓိက ထွက်ကုန်များမှာ ဆန်စပါး၊ မြေပဲ၊ ဘိလပ်မြေတို့ ဖြစ်သည်။ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း စသည့်ဒေသများသို့ ကုန်းလမ်းဖြင့် သွားလာနိုင်သောကြောင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သော မြို့နယ်ဖြစ်သည်။

Attractions in ဘားအံ