ကြားဖြတ်ရွေးကောက်ပွဲလုပ်ဖို့ တပ်နဲ့ AA ထုတ်ပြန်အပြီး ရခိုင်မှာ တိုက်ပွဲတွေရပ်တန့်နေ

19-Nov-2020

ရခိုင်ပြည်နယ် (မြောက်ပိုင်း) မှာ နှစ်မကုန်ခင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးဖို့ ရက္ခိုင့်တပ်တော် AA က နိုဝင်ဘာ ၁၂ ရက်နေ့က တောင်းဆိုချက်ကို တပ်မတော်က ကြိုဆိုပြီးနောက်ပိုင်း နေ့စဉ်နီးပါး ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် (မြောက်ပိုင်း) က တိုက်ပွဲတွေ အားလုံးနီးပါး ရပ်တန့်သွားပါတယ်။

ဒေသခံတွေကတော့ ငြိမ်းချမ်းရေးအတွက် အလားအလာဖြစ်ဖို့ မျှော်လင့်နေကြပါတယ်။

ရခိုင်ပြည်နယ် (မြောက်ပိုင်း) မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ရဲ့တိုက်ပွဲတွေက နေ့စဉ်နီးပါး ဖြစ်နေခဲ့တာပါ။

နိုဝင်ဘာ ၁၀ ရက်ညပိုင်းအထိ အမ်းမြို့နယ် ရှောက်ခြုံကျေးရွာမှာ လက်နက်ကြီးကျရောက် ပေါက်ကွဲလို့ ကလေးငယ် လေးယောက်အပါအဝင် ခြောက်ယောက် အပြင်းအထန်ဒဏ်ရာရတာ ရှိခဲ့ပါတယ်။

ရွေးကောက်ပွဲအပြီး လေးရက်အကြာ နိုဝင်ဘာ ၁၂ ရက်နေ့မှာတော့ ရခိုင်ပြည်နယ် (မြောက်ပိုင်း) အပါအဝင် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ နေရာတွေကို ဒီဇင်ဘာအကုန် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးဖို့ ရက္ခိင့်တပ်တော် AA က စာထုတ်ပြန်တောင်းဆိုလိုက်ပြီး တစ်ပြိုင်နက်တည်းမှာပဲ တပ်မတော်ကလည်း AAရဲ့ထုတ်ပြန်ချက်ကို ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

တပ်မတော်နဲ့ AA အဖွဲ့တို့ ကြေညာချက်ထုတ်ပြန်ပြီး နောက်ပိုင်းတော့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ရပ်တန့်သွားပါတယ်။

လတ်တလောတိုက်ပွဲဖြစ်သံတွေ မကြားရတော့ကြောင်းနဲ့ ဒီအခြေအနေက ငြိမ်းချမ်းရေးအတွက် အလားအလာ ဖြစ်ဖို့ ဆုတောင်းနေတယ်လို့  စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ မင်းပြားအခြေစိုက် လူမှုကူညီရေး အဖွဲ့ဝင် ကိုအမ်းသားကြီးက RFA ကိုပြောပါတယ်။

"တပ်မတော်ကလည်းလက်ခံတယ်၊ AA ကလည်း မေတ္တာရပ်ခံတဲ့ နောက်ပိုင်းမှာ ကျွန်တော်တို့ မင်းပြားမြို့နယ် မှာရော မြောက်ဦးဘက်မှာရော၊ ကျောက်တော်မှာရော တိုက်ပွဲဖြစ်တဲ့အသံ လောလောဆယ်တော့ မကြားဘူး၊ ဒါက ငြိမ်းချမ်းရေးအတွက် အလားအလာဖြစ်ပါစေလို့ ကျွန်တော်တို့ ဆုတောင်းတယ်၊ မျှော်လည်း မျှော်လင့်တယ်၊ ရခိုင်ပြည်မှာ တိုက်ပွဲတွေ နေ့တိုင်းဖြစ်တယ်၊ တစ်နှစ်ကျော် တိုက်ပွဲတွေ ဖြစ်လာတဲ့အခါ လူထုတွေလည်း တော်တော်လေးကို ဒုက္ခရောက်တယ်၊ အခု AA က မေတ္တာရပ်ခံတာကို တပ်က ကြိုဆိုလိုက်တဲ့အခါ ကျွန်တော်တို့ ငြိမ်းချမ်းရေးအတွက် အလားအလာ ကောင်းတစ်ခုလို့ မြင်မိတယ်။"

တိုက်ပွဲဖြစ်သံတွေ တိုက်ပွဲဖြစ်တယ်ဆိုတဲ့ သတင်းတွေမကြားရတာ ငါးရက်နီးပါးရှိပြီလို့လည်း ကိုအမ်းသားကြီးက ဆိုပါတယ်။

မင်းပြားမြို့နယ်၊ ပန်းမြောင်းရွာဒေသခံ ကိုကျော်ဇင်ကလည်း တိုက်ပွဲတွေရပ်တန့်နေတာ မှန်ကန်ပြီး အဲဒီအတွက် ဝမ်းသာကြောင်းနဲ့ ရွေးကောက်ပွဲလုပ်နိုင်ဖို့ မျှော်လင့်တယ်လို့ RFA ကိုပြောပါတယ်။

"တိုက်ပွဲတွေကတော့ မရှိတော့ဘူး၊ ကျွန်တော်တို့သဘောကတော့ ရွေးကောက်ပွဲလုပ်တာ ပိုပြီးကောင်းမယ်လို့ ထင်တယ်၊ မလုပ်ဘူးဆိုရင် ဘယ်လိုပြောမလဲ အုပ်ချုပ်သူမရှိတဲ့ပုံစံမျိုး ဖြစ်သွားမှာပေါ့၊ ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်က အခုလိုမျိုး တစ်ဘက်ကထုတ်ပြန်လိုက်ရင် တစ်ဘက်ကထောက်ခံတယ်ဆိုလို့ရှိရင် ကျွန်တော်တို့ဘက်ကတော့ ဝမ်းသာအားရမိတယ်၊ ဒီရွေးကောက်ပွဲသာ ဖြစ်မယ်ဆိုရင်တော့ တိုက်ပွဲတွေ ကတော့ ရပ်သွားမယ်ထင်တယ်။"

တိုက်ပွဲတွေမဖြစ်ဘဲ ဒီအတိုင်းဆက်သွယ်မယ်ဆိုရင်တော့ တောကိုမှီခိုနေရသူတွေနဲ့ ဒေသခံတောင်သူ လယ်သမားတွေ စားဝတ်နေရေးအတွက် ကောင်းကောင်းမွန်မွန် လုပ်ကိုင်စားသောက်နိုင်မှာ ဖြစ်တယ်လို့ ကိုကျော်ဇင်က ဆိုပါတယ်။

တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရသူတွေကို အကူအညီပေးနေတဲ့ အမ်းမြို့ဒေသခံ ကိုမျိုးလွင်ကလည်း နှစ်ဘက် တပ်တွေရဲ့ ကြေညာချက်ထွက်လာပြီးနောက်ပိုင်း တိုက်ပွဲဖြစ်သံမကြားရတော့ကြောင်း RFA ကိုပြောပါတယ်။

"အခုလက်ရှိ အမ်းမြို့နယ်မှာ တိုက်ပွဲက မရှိသလောက်ဖြစ်သွားပြီ၊ တိုက်ပွဲဖြစ်သံတော့မကြားဘူး၊ အဓိကတော့ နီးစပ်မှုရှိတယ်လို့ ထင်တယ်၊ အဲဒီ Statement (ထုတ်ပြန်ချက်) နှစ်ခု ထွက်လာပြီးနောက်ပိုင်း အမ်းမြို့နယ် အတွင်းမှာ တိုက်ပွဲတွေမကြားရတော့ဘူး၊ ဒီမိုကရေစီရဲ့ ပထမခြေလှမ်းလို့ ပြောလို့ရတဲ့ ရွေးကောက်ပွဲကို နှစ်ဘက်လုံးက သဘောတူတယ်ဆိုတာက အပြုသဘောဆောင်တဲ့ နိုင်ငံရေးဘောင် ကျယ်ပြန့်လာတဲ့အခါ စစ်ဘောင်တွေက ကျဉ်းလာတယ်လို့ အခုလတ်တလော တွက်ချက်လို့ရတယ်၊ တကယ့်လက်တွေ့ ရေရှည်မှာ နှစ်ဘက်လုံးရဲ့ စစ်ဘောင်တွေက တကယ်ရော ကျယ်လားမလားဆိုတာ စောင့်ကြည့်ရမယ်၊ ဘာကြောင့်လဲ ဆိုရင် မြေပြင်မှာက တပ်မတော် စစ်ကြောင်းတွေက တောက်လျှောက်ဆင်းနေတယ်၊ ကျေးရွာဒေသခံတွေက တောက်လျှောက်ထွက်ပြေးနေရတယ်။"

တိုက်ပွဲတွေ ရပ်သွားပေမယ့် ကျေးရွာတွေမှာ AA နဲ့ချိတ်ဆက်မှုရှိသူတွေကို တပ်မတော် စစ်ကြောင်းတွေက လိုက်လံရှာဖွေနေတာတွေက ရှိနေသေးတာကြောင့် တပ်မတော်နဲ့ AA ဟာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ အပေါ်မှာ သဘောတူကြပြီး တစ်ဘက်နဲ့တစ်ဘက် အမြင်စောင်း သံသယနဲ့ ဖမ်းဆီးစစ်ဆေးတာကိုတော့ တူညီတဲ့သဘောထားတွေ မရသေးဘူးလို့ မြင်ကြောင်း ကိုမျိုးလွင်က ဆိုပါတယ်။

တိုက်ပွဲတွေက ရပ်တန့်နေပေမယ့် မပေါက်ကွဲသေးတဲ့ ဗုံး၊ ကျည်ဆံ၊ မိုင်းတွေကြောင့် အရပ်သား သေဆုံး၊ ဒဏ်ရာရတာတွေက ဆက်တိုက်ရှိနေဆဲဖြစ်ပါတယ်။

တပ်မတော်သား နှစ်ယောက်ကို ဖမ်းပြီး AA လက်ထဲထည့်လိုက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုဝင်ဘာ ၂ ရက်နေ့ ကတည်းက ဖမ်းဆီးစစ်ဆေးနေတဲ့ ကျောက်ဖြူမြို့နယ် ဇိုင်းချောင်းရွာ ဒေသခံ ၁၅၀ နီးပါးကိုလည်း နိုဝင်ဘာ ၁၄ ရက်နေ့မှာ တပ်မတော်က ပြန်လွှတ်ပေးလိုက်ပါတယ်။

ဒီလိုလွတ်လာတာဟာ နှစ်ဘက်တပ်တွေ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အပြန်အလှန်ထောက်ခံကြောင်း ကြေညာချက် ထုတ်လိုက်တာကြောင့်လည်း ပါတယ်လို့ ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဖိုးစံက ပြောပါတယ်။

"နှစ်ခုစလုံး တိုက်ဆိုင်ရပါတယ်ခင်ဗျ၊ အဲဒီကြေညာချက်တွေမထွက်ခင်ကလည်း ကျွန်တော်က နယ်လုံဝန်ကြီး တို့၊ နယ်မြေက ဗိုလ်မှူးတို့နဲ့ ကျွန်တော်ဆွေးနွေးတယ်၊ ဆွေးနွေးပြီးလို့ နောက်တစ်ရက်မှာ ကြေညာချက် ထွက်တယ်၊ ကြေညာချက်ထွက်ပြီးတာနဲ့ နောက်တစ်ရက်ဆို လွတ်တယ်၊ အခုတလောကတော့ တိုက်ပွဲ ဘာမှ မဖြစ်ဘူးခင်ဗျ ရပ်နေပါတယ်၊ သိသိသာသာဆိုရင် အဲ့ဒီ ကြေညာချက်ထုတ်တဲ့ နေ့ကနေစပြီး ဒီနေ့ထက်ထိ တိုက်ပွဲဟာ ဘာမှမဖြစ်တော့ဘူးဆိုတာကိုတော့ ကြားသိရတယ်။"

လွှတ်တော်မှာ အသံထွက်နိုင်မှ အဲဒီဒေသမှာ ဖြစ်ပျက်နေတာတွေကို လွှတ်တော်၊ ပြည်သူလူထုနဲ့ အစိုးရက သိနိုင်မှာဖြစ်လို့ ရွေးကောက်ပွဲက မဖြစ်မနေလုပ်ရမှာဖြစ်တယ်လို့ ဦးဖိုးစံက ဆိုပါတယ်။

မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်ကတော့ တပ်မတော်နဲ့ AA ဘက်က တောင်းဆိုသလို အစိုးရဘက်က ရွေးကောက်ပွဲမလုပ်ပေးနိုင်ရင် အနာဂတ်မှာ တိုက်ပွဲတွေ ပိုဆိုးလာမှာကို စိုးရိမ်နေပါတယ်။

"ရှေ့အနာဂတ်အတွက်တော့ စိုးရိမ်ပါတယ်၊ AA ကရော တပ်မတော်ကရော နှစ်ဦးနှစ်ဘက်စလုံး ပြည်သူတွေကို ငဲ့ညှာပြီးတော့ နှစ်ဘက်လုံး သဘောတူကြတယ်ပေါ့နော်၊ တကယ်လို့များ အဲဒါကို အစိုးရအနေနဲ့ ပြည်သူတွေကို ငဲ့ညှာထောက်ထားသောအားဖြင့် တစ်ဘက်က တောင်းဆိုတဲ့ကိစ္စကို ဖော်ဆောင်ပေးလိုက် ရင်တော့ အမျိုးသားရင်ကြားစေ့ရေး ငြိမ်းချမ်းရေးကို သွားနိုင်တဲ့ လမ်းစတစ်စလို့မြင်ပါတယ်၊ တကယ်လို့များ ပျက်ကွက်ခဲ့လို့ရှိရင်တော့ တိုက်ပွဲတွေပိုပြီးတော့ ပြင်းထန်လာနိုင်တယ်၊ နောက်ပီးတော့ ပြည်သူတွေလည်း အတိဒုက္ခအများကြီးရောက်လာနိုင်ပါတယ်။"

လက်ရှိမှာတော့ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းစတဲ့ မြို့နယ်တွေမှာ တိုက်ပွဲဖြစ်တာတွေ လုံးဝရပ်သွားတဲ့အတွက် အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးကိုသွားဖို့ အပေါင်းလက္ခဏာ ဆောင်တယ်လို့လည်း ဦးထွန်းသာစိန်က ဆိုပါတယ်။

AA ရဲ့ ထုတ်ပြန်ချက်ထဲမှာ မြန်မာ့တပ်မတော်အနေနဲ့ ရခိုင်ပြည်က ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကိုရပ်ပြီး တစ်နိုင်ငံလုံး လွှမ်းခြုံတဲ့ အပစ်အခတ်ရပ်စဲရေးကိုကြေညာကာ ကြားဖြတ်ရွေးကောက်ပွဲ အမြန်ဆုံးကျင်းပနိုင်ရေး အတွက် NLD အစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်သင့်သလို၊ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင် AA အနေနဲ့ သင့်တော်သလို ပံ့ပိုးကူညီမယ်လို့ ဖော်ပြထားပါတယ်။

ရက္ခိုင့်တပ်တော် AA ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခက တိုက်ပွဲတွေရပ်တန့်သွားကြောင်းနဲ့ နိုင်ငံရေးအရ ရှေ့ဆက်ဆွေးနွေးဖို့ လမ်းစဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

"နိုဝင်ဘာလ ၁၂ ရက်နေ့ ဒီထုတ်ပြန်ချက်တွေထုတ်ပြီးတဲ့ နောက်ပိုင်းကစလို့ တစ်ဘက်နဲ့တစ်ဘက် ပစ်ခတ်တာတွေကတော့ မရှိဘူးဗျ၊ ပစ်ခတ်တာတွေမရှိတာကတော့ ဒါကောင်းတယ်လို့ ပြောလို့ရတာပေါ့နော်၊ ဒီပစ်ခတ်မှုတွေမရှိတော့ရင်တော့ အနာဂတ်မှာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်တဲ့ အခင်းအကျင်း တွေကို ရှေ့ဆက်သွားဖို့အတွက် ဒါလမ်းစတစ်ခုလည်းဖြစ်လာနိုင်တာပေါ့၊ အဓိကကတော့ တစ်ဘက်နဲ့ တစ်ဘက် အပစ်အခတ်တွေရပ်ထားပြီးတော့ ယုံကြည်မှုတည်ဆောက်နိုင်ဖို့ ကတော့ ပိုပြီးတော့ အရေးကြီးတာပေါ့။"

ရွေးကောက်ပွဲမတိုင်ခင် အောက်တိုဘာ ၁၄ ရက်နေ့က တောင်ကုတ်မြို့နယ်က NLD ပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမင်းအောင်၊ ဒေါ်နီနီမေမြင့်နဲ့ ဒေါ်ချစ်ချစ်ချောတို့ကို ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးထားတာလည်း ရှိနေပါတယ်။

သူတို့ကို ဘယ်နေ့မှာ ပြန်လွှတ်မယ်ဆိုတာနဲ့ ပတ်သက်လို့ AA ဘက်က တစ်စုံတစ်ရာ ပြောဆိုတာ မရှိသေးဘဲ နိုင်ငံရေးအရ ဆွေးနွေးမှုအဆင်ပြေရင်တော့ ဖမ်းဆီခံထားရတဲ့ အမတ်လောင်းတွေကိစ္စ အဆင်ပြေမယ်လို့သာ ဖြေဆိုထားတာပါ။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းကို တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ RFA က နိုဝင်ဘာ ၁၇ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ဖုန်းအကြိမ်ကြိမ် ခေါ်ဆိုခဲ့ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။

ဒါပေမဲ့ AA အဖွဲ့ ထုတ်ပြန်ချက်ထုတ်တဲ့ နိုဝင်ဘာလ ၁၂ ရက်နေ့ကတော့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် မကြာခဏ ပြောခဲ့သလို မဲပေးခွင့်ရှိသူအားလုံး မဲပေးခွင့်ရရှိရေး လိုလားတဲ့အတွက် AA ရဲ့ ကြားဖြတ်ရွေးကောက်ပွဲ အမြန်လုပ်ဖို့ ထုတ်ပြန်ချက်ကို ကြိုဆိုတယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက RFA ကို ပြောထားပါတယ်။

သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေး ကတော့ “ကျန်တဲ့နေရာတွေမှာ အမြန်ဆုံးကျင်းပနိုင်ဖို့အတွက် ညှိနှိုင်း ဆွေးနွေးမှုတွေ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ RFA ကို နိုဝင်ဘာ ၁၂ ရက်နေ့က စာနဲ့ အကြောင်းပြန် ထားပါတယ်။

နိုင်ငံရေးလေ့သာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ရွေးကောက်ပွဲကို အကြောင်းပြုပြီး တပ်မတော်နဲ့ AA ကြားထဲမှာ ငြိမ်းချမ်ရေးအတွက် ဆွေးနွေးမယ့် လမ်းတွေ ပွင်းသွားတာလို့ သုံးသပ်ပါတယ်။

"တပ်မတော်ကလည်း AA ကိုအကြမ်းဖက်အဖွဲ့အစည်းအဖြစ် မသုံးတော့ဘူး၊ ငြိမ်းချမ်းရေးမှာ အဟန့်အတား တစ်ခုဖြစ်နေတဲ့ ဆက်ထုံးတစ်ခုတော့ ပြောသွားတာပေါ့ဗျာ၊ ဒီရွေးကောက်ပွဲကို အကြောင်းပြုပြီးတော့ တပ်မတော်အစိုးရရဲ့ AA တို့ကြားထဲမှာ ငြိမ်းချမ်းရေးအတွက်ဆက်ပြီး ဆွေးနွေးနိုင်မယ့် လမ်းတွေ ပွင့်သွားတာပေါ့၊ အဲလိုပွင့်သွားလို့ရှိရင် Bilateral(နှစ်ဖက်ပါဝင်တဲ့) ဆွေးနွေးပွဲတွေကနေတဆင့် မြောက်ပိုင်း အဖွဲ့တွေနဲ့ပါ ဆက်ပြီးဆွေးနွေးနိုင်မယ့် အခွင့်အလမ်းတွေ ရလာနိုင်တာပေါ့၊ ငြိမ်းချမ်းရေးအတွက် ရှေ့တစ်ဆင့်တက်ပြီး ဆွေးနွေးညှိနှိုင်းကြဖို့ကိစ္စမှာ AA အပါအဝင် မြောက်ပိုင်းအဖွဲ့တွေ ငြိမ်းချမ်းရေး စကားဝိုင်းကို ရောက်လာနိုင်တဲ့အတွက် ကောင်းမွန်တဲ့အလားအလာ၊ ကြိုဆိုသင့်တဲ့ လှုပ်ရှားမှုလို့ ကျွန်တော်ယူဆပါတယ်။"

တပ်မတော်နဲ့ AA တို့ ငြိမ်းချမ်းရေးကိစ္စဆွေးနွေးဖို့ ညှိနှိုင်းနေတာ ရှိ၊ မရှိကို ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တွေ ကို RFA က မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံပြောဆိုသူမရှိပါဘူး။

AA အဖွဲ့ပါဝင်တဲ့ FPNCC အဖွဲ့မှာ ဦးဆောင်နေတဲ့ UWSA အဖွဲ့ လားရှိုးမြို့ဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းကတော့ ဌာနချုပ်အနေနဲ့ AA နဲ့ တပ်ဆွေးနွေးဖို့ကိစ္စ တစ်စုံတစ်ရာ ပြောဆိုတာမရှိသေးကြောင်းပြောပါတယ်။ ဒါပေမဲ့ AA နဲ့ တပ်တို့ ထုတ်ပြန်ချက်တွေထုတ်ပြီး တိုက်ပွဲတွေ ရပ်တန့်နေတာကို ကြိုဆိုကြောင်းပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ ရခိုင်မြောက်ပိုင်းက မြို့နယ် ၉ မြို့နယ်နဲ့ အခြားမြို့နယ်တွေက ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း ၁၀၀ ကျော်မှာ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့လို့ ရခိုင်ပြည်နယ်တစ်ခုလုံးက မဲပေးခွင့်ရှိသူ ၁၆ သိန်းကျော်ထဲက ဆယ့်နှစ်သိန်းကျော် မဲပေးခွင့် ဆုံးရှုံးခဲ့ရပါတယ်။

အလားတူ ရှမ်းပြည်နယ် မြို့နယ် ၆ မြို့နယ်က စုစုပေါင်း မဲဆန္ဒနယ် ၁၅ ခုမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ အတွက် အဲဒီနယ်တွေက မဲဆန္ဒရှင် ၁ ဒဿမ ၃သန်းကျော် မဲပေးခွင့်ဆုံးရှုံးခဲ့တာပါ။

ရခိုင်ပြည်နယ်ထဲက ဒေသခံတွေကတော့ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ အခုလို တိုက်ပွဲတွေ ထာဝစဉ် ရပ်တန့်ပြီး ကြားဖြတ်ရွေးကောက်ပွဲ အဆင်ပြေ ချော့မွေ့စွာ ကျင်းပနိုင်ဖို့ မျှော်လင့်နေကြပါတယ်။

Crd RFA