ကာကွယ်ဆေးတွေ ရောက်လာပြီ ဆိုပြီး မပေါ့ကြပါနဲ့

28-Jan-2021

မြန်မာနိုင်ငံကို ကိုဗစ်ကာကွယ်ဆေးတွေ ရောက်လာပြီ ဆိုပြီး မပေါ့ကြဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြောကြားလိုက်ပါတယ်။

ဒီကနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့ကစလို့ မြန်မာနိုင်ငံတဝန်းမှာ ကိုဗစ်ကာကွယ်ဆေးတွေ ပထမဆုံးအကြိမ် စတင်ထိုးနှံပေးနေပြီ ဖြစ်ပြီး နေပြည်တော် ကုတင် ၁ဝဝဝ ဆေးရုံဝင်းထဲက သူနာပြုသင်တန်းကျောင်းမှာ ကျန်းမာရေးဝန်ထမ်းတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေတာကို လာကြည့်ရှုအားပေးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောသွားခဲ့တာပါ။

"ဒီကြားထဲမှာ သတိထားဖို့ပဲ။ နည်းနည်းပေါ့သွားမှာကို စိုးရိမ်တယ်ပေါ့နော်။ ဆေးတွေရောက်လာပြီ ဆိုပြီး။ ဆေးတွေက ချက်ချင်းပဲ အားလုံးရောက်လာမှာ မဟုတ်ဘူး။ စောင့်ရဦးမယ်။

ကိုယ့်နိုင်ငံကနေ ကိုယ်ထုတ်တယ်ဆို တစ်မျိုးပေါ့။ ကိုယ် ကြိုက်သလောက် ထုတ်လို့ရတယ်။ ခုက သူများနိုင်ငံကနေ တင်လာရတာ။

အားလုံးက ဝိုင်းပြီးတော့ ကိုယ်လိုချင်သလောက်လည်း ထိုးလို့ရမှာမဟုတ်ဘူး။ ကျွန်မတို့ ပေးမှာပဲ။ ဘယ်လောက်ပဲ ပေးရပေးရ ပေးကိုပေးမှာပဲ။ ပစ္စည်းရှိမှပဲ ထိုးလို့ရမှာ။

ဒီအချိန်မှာ တစ်ခု သတိထားစေချင်တယ်။ ခုက ကေ့စ်တွေ့နှုန်းက ကျလာတယ်။ အဲဒါကို ဆက်ထိန်းထားစေချင်တယ်။ အဲဒါကြောင့်မို့ ကပ်၊ ကပ် မနေကြပါနဲ့လို့ ပြောနေတာ"

လူချင်း ခပ်ခွာခွာ နေကြဖို့ ဒေါ်အောင်ဆန်းကြည်က အထပ်ထပ် သတိပေး ပြောသွားခဲ့သလို ကာကွယ်ဆေးထိုးဖို့ ကြောက်နေကြသူတွေကိုလည်း မကြောက်ကြဖို့နဲ့ သာမာန် ကာကွယ်ဆေးထိုးရင် ဖြစ်တတ်တာမျိုးလို အနာယဉ်းတာ၊ ကိုက်တာခဲတာမျိုးတွေက လွဲလို့ ဘေးထွက်ဆိုးကျိုး ဆိုးဆိုးဝါးဝါးကြီး ဖြစ်မှာ မဟုတ်ပါဘူးလို့ ပြောပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာလည်း ကျန်းမာရေးဝန်ထမ်း နှစ်သောင်းကျော် ရှိတဲ့အနက် ဝန်ထမ်း ၃၀၀ ကို ဇန်နဝါရီလ ၂၇ ရက်နေ့က ကိုဗစ် ကာကွယ်ဆေး ထိုးပေးခဲ့ပါတယ်။

ကာကွယ်ဆေးတွေ ရန်ကုန်တိုင်းဒေသကြီး နေရာ ၁၁ ခုမှာ ရောက်နေပြီ ဖြစ်ပြီး ရန်ကုန်တိုင်းအတွင်း ကျန်းမာရေး ဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေ အားလုံးကို ကာကွယ်ဆေး ထိုးဖို့က နောက်ထပ် ၄ ရက်၊ ၅ ရက် ကြာနိုင်ဖို့ ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ဘီဘီစီကို ပြောပြပါတယ်။

ရန်ကုန်တိုင်းမှာ ပထမဆုံး ကိုဗစ် ကာကွယ်ဆေး ထိုးခွင့်ရခဲ့သူကတော့ ရန်ကုန်ဆေးရုံကြီးက အသက် ၅၇ နှစ်အရွယ် သူနာပြုအုပ်ဆရာမကြီး ဒေါ်သက်သက်သိန်းပါ။

သွေးတိုးရောဂါအခံ ရှိလို့ ဆေးထိုးဖို့ စိတ်လှုပ်ရှားတာ ရှိခဲ့ပေမဲ့ ပထမဆုံး ဆေးထိုးခံရလို့ ဂုဏ်ယူမိကြောင်းနဲ့ ကာကွယ်ဆေး ထိုးကြဖို့ သူက တိုက်တွန်း ပြောသွားခဲ့ပါတယ်။

"ကာကွယ်ဆေးထိုးရင် နာမယ်လို့ စိုးရိမ်ထားခဲ့ပေမဲ့ လုံးလုံး မနာပါဘူး။ ဆေးထိုးပြီး နာရီဝက်ကြာ ထိုင်စောင့်ခဲ့ပေမဲ့ ဘာမှ မဖြစ်ခဲ့ပါဘူး။ ကာကွယ်ဆေး ထိုးပြီးပြီ ဆိုတော့ ယုံကြည်စိတ် ရှိလာပေမဲ့ နှာခေါင်းစည်းတော့ ဆက်တပ်ထားရမှာပါ" လို့ ဒေါ်သက်သက်သိန်းက ပြောပါတယ်။

အခုထိုးပေးနေတဲ့ ကာကွယ်ဆေးဟာ အိန္ဒိယထုတ် ကိုဗီရှီး ကာကွယ်ဆေး ဖြစ်ပြီး ဆေးတစ်ကြိမ်ထိုးပြီးသူဟာ နောက်ထပ် ၂၈ ရက်အကြာမှာ ဒုတိယအကြိမ် ထိုးရမှာ ဖြစ်ပါတယ်။

ကိုဗစ်ကာကွယ်ဆေးတွေကို ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ကျန်းမာရေးဝန်ထမ်းတွေကို စတင် ထိုးပေးနေပြီး ၂၉ ရက်နဲ့ ၃၀ ရက်နေ့တွေမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေကို ထိုးပေးဖို့ စီစဉ်ထားပါတယ်။

BBC Burmese