အကြမ်းဖက်အဖွဲ့သတ်မှတ်ချက်က ပယ်ဖျက်ဖို့ ကြိုဆိုကြောင်း တပ်မတော်ပြော

26-Nov-2020

ငြိမ်းချမ်းရေးအတွက်ဆိုရင် တပ်မတော်အနေနဲ့ ရက္ခိုင့်တပ်တော် AA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတာကနေ ပယ်ဖျက်ရေးကိစ္စပါအဝင် အပြုသဘောလုပ်ဆောင်ချက် အားလုံးကို ကြိုဆိုကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေး ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောလိုက်ပါတယ်။

AA နဲ့ ငြိမ်းချမ်းရေးဆွေးနွေးရာမှာဖြစ်စေ၊ အပစ်အခတ်ရပ်စဲရေး ကြေညာရာမှာဖြစ်စေ အဓိက အတားအဆီးဖြစ်နေတဲ့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ချက်ကို ပယ်ဖျက်ပေးဖို့ ဦးဆုံးလိုအပ်တယ်လို့ ထောက်ပြပြောဆိုမှုတွေ ရှိနေတာနဲ့ပတ်သက်လို့ RFA က တပ်မတော်ရဲ့ သဘောထားကို မေးမြန်းရာမှာ  ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလို ပြောလိုက်တာဖြစ်ပါတယ်။ 

"တပ်မတော်ရဲ့ သဘောထားကတော့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး လိုလားလို့ ထုတ်ပြန်ချက်တောင် ထုတ်ပြန်ပြီး ကြိုဆိုထားပြီးဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ အပြုသဘော  လုပ်ဆောင်ချက်မှန်သမျှ ကြိုဆိုပါကြောင်း၊ တဖက်အဖွဲ့အစည်းတွေ‌အနေနဲ့  (အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားတာကို) ပယ်ဖျက်ပေးအောင်၊ ငြိမ်းချမ်းရေးဆွေး‌နွေးပွဲ စားပွဲဝိုင်းပေါ်မှာ ဆွေးနွေးနိုင်အောင် တကယ့်လက်တွေ့လုပ်‌ဆောင်မှုတွေ ပြဖို့လိုကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားပါတယ်။

AA အပါအဝင် အရင်က ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တိုက်ရိုက်မပါဝင်ခဲ့တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကို ဆွေးနွေးဖို့ တပ်မတော်အနေနဲ့ လမ်းဖွင့်ထားပါသလားလို့ မေးမြန်းရာမှာတော့  "ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ တပ်မတော်အနေနဲ့ လမ်းဖွင့်ထားကြောင်း" ဖြေကြားပါတယ်။ ဘယ်လိုမူဝါဒတွေနဲ့ ဆွေးနွေးမလဲဆိုတဲ့ အချက်ကိုတော့ အစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကော်မရှင် NRPC ရဲ့ မူဝါဒအတိုင်းသာ ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြေကြားပါတယ်။

တပ်မတော်ဘက်က ဒီလိုပြောကြားချက်နဲ့ပတ်သက်လို့ အစိုးရအဖွဲ့ရဲ့ သဘောထားသိနိုင်ဖို့ RFA က သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို ဆက်သွယ်မေးမြန်းထားပေမယ့် အခုအချိန်အထိ တစုံတရာ တုံ့ပြန်ဖြေကြားခြင်း မရှိသေးပါဘူး။

အောက်တိုဘာ ၂၃ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာတော့ AA အဖွဲ့အနေနဲ့  ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ လက်တွေ့ကျတဲ့ လုပ်ဆောင်မှုတွေ ပြသမယ်ဆိုရင် အစိုးရအနေနဲ့ နှစ်ဖွဲ့ချင်းသော်လည်းကောင်း၊ တခြားအဖွဲ့တွေနဲ့ ပေါင်းပြီးသော်လည်းကောင်း တွေ့ဆုံညှိနှိုင်းဆွေးနွေးဖို့ အဆင်သင့်ပဲလို့ ဦးဇော်ဌေးက သတင်းထောက်တွေကို ပြောကြားထားဖူးပါတယ်။ 

အကြမ်းဖက်အဖွဲ့အဖြစ်က ပယ်ဖျက်ဖို့ဆိုရင် AA အဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးအမှန်တကယ်လိုလားကြောင်း သက်သေပြဖို့ လိုတယ်လို့ တပ်မတော်ရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး ရခိုင့်တပ်တော် AA ပြောခွင့်ရ ခိုင်သုခကို RFA ကမေးမြန်းထားပေမယ့် ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။

ပြီးခဲ့တဲ့ ၂၃ ရက်နေ့က RFA နဲ့ မေးမြန်းချက်မှာတော့ ခိုင်သုခက ''ယုံကြည်မှု တည်ဆောက်တဲ့အနေနဲ့ တဖက်နဲ့ တဖက် အပစ်အခတ်မဖြစ်အောင် ထိန်းသိမ်းထားတယ်။ ရခိုင်က ရွေးကောက်ပွဲ မလုပ်နိုင်ခဲ့တဲ့နေရာတွေမှာ ရွေးကောက်ပွဲတွေ လုပ်နိုင်ဖို့ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ အပစ်အခတ်ရပ်စဲထားတယ် လို့ ခိုင်သုခကပြောထားပါတယ်။

လတ်တလော တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တိုက်ရိုက်ဆွေးနွေးတဲ့ အဆင့်အထိ မရောက်သေးပေမယ့်  ငြိမ်းချမ်းရေးအတွက် ကူညီနေတဲ့အဖွဲ့အစည်းတွေကတဆင့် ကြားဝင်ညှိနှိုင်းပေးနေတာတွေ ရှိတယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ထိုးစစ်တွေ ရပ်တန့်ပြီး ရွေးကောက်ပွဲပြန်လည်ကျင်းပပေးဖို့ ရက္ခိုင့်တပ်တော် AA က ကြေညာချက်ထုတ်ပြန်ခဲ့ပြီး တပ်မတော်ကလည်း ကြိုဆိုကြောင်း အောက်တိုဘာ ၁၇ ရက်နေ့က အပြန်အလှန်ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်းမှာ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေမဖြစ်ဘဲ ဒေသတည်ငြိမ် အေးချမ်းနေတာပါ။

၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းက ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ ရဲကင်းစခန်း ၄ ခုကို AA တပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် AA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် အစိုးရက သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

RFA