ရွှေဆံတော်စေတီတော်နှင့် စကားတောင်စေတီတော်

Listing Description

စေတီတော်နှစ်ဆူလုံးမှာ မွန်ပြည်နယ် ရေးမြို့ မြို့လယ် ရန်ကြီးအောင်ရပ်ကွက်တွင် တည်ရှိပြီး တစ်ဆူနှင့်တစ်ဆူ အနည်းငယ်သာ ကွားဝေးပါသည်။ သမိုင်းအရ မြတ်စွာဘုရားရှင်သည် သုဝဏ္ဏဘူမိဒေသသို့ ကြွချီလာစဉ် ဆံတော်များပေးအပ်ချီးမြှင့်ခဲ့ရာ ကလိန်စေ့တောင်ရသေ့သည် မိမိရရှိသော ဆံတော်ရှစ်ဆူကို ဆူးရစ်ပင်များရှိရာ ဆူးရစ်ချုံကုန်းတွင် ဆံတော်လေးဆူဌာပနာ၍ စေတီတစ်ဆူနှင့် စကားပင်များပေါက်ရာ စကားတောင်ကုန်းတွင် ဆံတော်လေးဆူဌာပနာ၍ စေတီတစ်ဆူ တည်ထားကိုးကွယ်ခဲ့သည်ဟုဆိုသည်။ ကောဇာသက္ကရာဇ် ၉၇ ခုနှစ်တွင် အဝိဇ္ဇာဇေယျပူရမြို့(ယခု ရေးမြို့)ကို တည်ထောင်သော မာရဒေဝီမင်းသမီးသည် ဆူးရစ်ချုံကုန်းစေတီနှင့် စကားပင်ကုန်းစေတီနှစ်ဆူကို ပြန်လည်တည်ထားကာ ဆူးရစ်ချုံကုန်းစေတီကို (ကျာ်ဒ်ုချာဲ) ဟူ၍လည်းကောင်း၊ မြို့လယ်တွင် တည်ရှိခြင်းကြောင့် ကျာ်ဒေါဝ်ဍိုင် (မြို့လယ်ဘုရား) ဟူ၍လည်းကောင်း၊ စကားတောင်စေတီကိုမူ မွန်အမည် ကျာ်ဒ်ုပါ့ ဟူ၍ လည်းကောင်း ဘွဲ့တော်သမုတ်ခဲ့ကြသည်။ ကာလကြာလာသော် ဆူးရစ်ချုံကုန်းစေတီကို ဆံတော်ဓာတ်များကို အကြောင်းပြုပြီး ရွှေဆံတော်စေတီဟုလည်းကောင်း၊ စကားပင်ကုန်းစေတီကို စကားပင်များရှိရာ တောင်ကုန်းတွင် တည်ထားခဲ့သောကြောင့် စကားတောင်စေတီဟုလည်းကောင်း ခေါ်တွင်လာကြသည်။ မာရဒေဝီမင်းသမီး နန်းသက် ၃၅ နှစ် စိုးစံပြီး ကောဇာသက္ကရာဇ် ၁၂၉ ခုနှစ်တွင် နတ်ရွာစံခဲ့ရာ အမတ်ကြီးတိက္ခက ထီးနန်းဆက်ခံ၍ အမတ်ငယ်တစ်ဦး ထပ်မံထီးနန်းဆက်ခံပြီးနောက် ကောဇာသက္ကရာဇ် ၁၅၁ ခုနှစ် မင်းဆက်ပြတ်ပြီး မြို့လည်းပျက်သုဉ်းခဲ့သည်။ စေတီနှစ်ဆူလည်း ထပ်မံပျက်ပြီး နှစ်ပေါင်း ၆၅၀ ခန့် တောကြီးဂနိုင်၌ ဆိတ်သုဉ်းပျောက်ကွယ်ခဲ့သည်။ ကောဇာသက္ကရာဇ် ၈၀၀ ပြည့်နှစ်တွင် ဟံသာဝတီပြည့်ရှင် ဓမ္မစေတီမင်းက ပျက်စီးဆိတ်သုဉ်းနေသော အဝိဇ္ဇာဇေယျပူရမြိုဟောင်း (ရေးမြို့ဟောင်း)ကို ရာဇသီဟဇေယျပူရမြို့အဖြစ် မြိုသစ်တည်တော်မူပြီး စေတီတော်နှစ်ဆူကိုလည်း ပြန်လည်တည်ထားကိုးကွယ်ခဲ့သည်။ အင်္ဂလိပ်ခေတ်တွင် ရေးမြို့သူမြို့သားတို့သည် အရပ်ရပ်ကြပ်တည်းမှုဒဏ်ကြောင့် စေတီနှစ်ဆူကိုလည်း ပြုပြင်မွမ်းမံသူမရှိသဖြင့် ဟောင်းနွမ်းပျက်စီး၍ အုတ်အင်္ဂတေများ ပြိုကျကာ ဘုရားငုတ်တိုများအဖြစ်သို့ ရောက်ခဲ့ရသည်။ ကောဇာသက္ကရာဇ် ၁၂၄၆ ခုနှစ်၊ နတ်တော်လတွင် ရေးမြို့၊ မရမ်းကျောင်းတိုက်ဆရာတော် ဦးဥတ္တမ ဦးစီးသည့် ရဟန်းသံဃာများ၊ ဒါယကာ၊ ဒါယိကာများက စေတီဟောင်းနှစ်ဆူကို ဖြိုဖျက်၍ အသစ်ပြန်လည်တည်ထားကိုးကွယ်ခဲ့သည်။ ထို့နောက် ခေတ်အဆက်ဆက် စေတီတော်နှစ်ဆူ၏ ဉာဏ်တော်များကို မြှင့်တင်ကိုးကွယ်ခဲ့ကြရာ မျက်မှောက်ခေတ်တွင် ရွှေဆံတော်စေတီတော်သည် ရင်ပြင်တော်မှ စိန်ဖူးတော်အထိ ဉာဏ်တော်အမြင့် ၇၂ တောင် (၁၀၈ပေ)၊ စကားတောင်စေတီတော်သည် ဉာဏ်တော်အမြင့် အတောင် ၆ဝ အသီးသီး ရှိပါသည်။ နှစ်စဉ် တပို့တွဲလဆန်း ၁၂ ရက်မှ လပြည့်နေ့အထိ စေတီတော်နှစ်ဆူလုံး၏ ဗုဒ္ဓပူဇနိယပွဲတော်အဖြစ် သတ်မှတ်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပပါသည်။