ရှင်မဟာရဋ္ဌသာရ၏အရိုးအိုးစေတီ

Listing Description

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ရတနာမာန်အောင်ရပ်ကွက်၊ ရွှေမောင်းတုန်းကျောင်းတိုက်တွင် တည်ရှိသည်။ သက္ကရာဇ် ၈၈၆ ခုနှစ်တွင် ပြည်ဘုရင် သတိုးမင်းစောနှင့် မိုးညင်း စလုံစော်ဘွားတို့ မဟာမိတ်ပြုကာ အင်းဝကို တိုက်ခိုက်ပြီး သတိုးမင်းစောက ဆရာတော် ရှင်မဟာရဋ္ဌသာရနှင့် တပည့်ရဟန်းတို့ကို ပြည်မြို့သို့ ပင့်ဆောင်၍ ပုထိုးကျောင်း၊ တောင်ရွှင်ကျောင်း၊ မင်းတုန်းကျောင်း တို့ကို လှူဒါန်းကာ မဟာသံဃရာဇာတံဆိပ်တော် နှင့် သာသနာပိုင်အရာ အပ်နှင်းခဲ့သည်။ သက္ကရာဇ် ၈၉၂ ခုနှစ် သက်တော် ၆၂ နှစ်တွင် ရှင်မဟာရဋ္ဌသာရမထေရ်သည် ပြည်မြို့၌ လေရောဂါဖြင့် ပျံလွန်တော်မူခဲ့သည်။  ရှင်မဟာရဋ္ဌသာရ၏ အရိုးအိုးစေတီကို ရွှေမောင်းတုန်းတောရနှင့် ကျက်သိမ်ကုန်းတောရကျောင်းများအကြား ရှာဖွေတွေ့ရှိပြီး ရေတိုက်စား ပြိုကျပျက်စီးနေသဖြင့် ၁၉၆၅ ခုနှစ်တွင် ပြည်မြို့ ရွှေဘုန်းပွင့်စာကြည်တိုက်အသင်းမှ ဒေသအခေါ်သပိတ်ဆေးကန် (အင်းဝခေတ် အုတ်ရေကန်ကြီး) အနီး၌ ကျောက်တိုင်အမှတ်အသား ပြန်လည်စိုက်ထူခဲ့သည်။ ပြိုကျနေသောစေတီအတွင်း တွေ့ရှိရသော ရှင်မဟာရဋ္ဌသာရ၏ သပိတ်ခြေ၊ သပိတ်ဖုံး၊ သပိတ်နှင့်ရေစစ်များကို ရွှေမောင်းတုန်းဆရာတော်မှ သိမ်းဆည်းထိန်းသိမ်းထားပြီး ရဟန်းစာဆိုကြီး တည်ထားကိုးကွယ်ခဲ့သော နှစ်ကျိပ်ရှစ်ဆူ စေတီနှင့် သိမ်တော်ကြီးကိုလည်း ၂၀၀၉ ခုနှစ်တွင် ပြန်လည်မွမ်းမံခဲ့သည်။ ထို့အတူ ရှင်မဟာရဋ္ဌသာရ တည်ထားခဲ့သည့် ဓမ္မအိမ်သိမ်၊ မင်္ဂလာစေတီနှင့် ဆုတောင်းပြည့် ဘုရားကြီးတို့မှာလည်း ရွှေတောင်မြို့နယ် ပုတ္တန်းနှင့် လေးကျွန်းဆီမီးကျေးရွာတို့၌ တည်ရှိသည်။