ဝေမှူးသွင်

Listing Description

ကဗျာဆရာ၊ စာရေးဆရာ ဝေမှူးသွင်ကို ၁၉၇၈ ခုနှစ်၊ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင် ဖခင် ဦးမောင်မောင်နီနှင့် မိခင် ဒေါ်ကေသီအောင်တို့မှ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင်မွေးဖွားခဲ့သည်။ မွေးချင်းဦးရေ သုံးယောက်မြောက်တွင် အကြီးဆုံးသားဖြစ်သည်။ အမည်ရင်းမှာ ကောင်းထက်ဖြစ်သည်။

ငယ်စဉ်ဘဝမှာ အ.က.က ၁ ပြည်၊ အ.က.က ၂ ပြည်နှင့် အ.က.က ၂ ကလောတို့တွင် အတန်းပညာကို တက်ရောက်သင်ကြားခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် အထက်တန်းစာမေးပွဲကိုအောင်မြင်ခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် တက္ကသိုလ်စတင်တက်ရောက်ခဲ့ပြီး ၂၀၀၃ ခုနှစ်မှာ B.A (philosophy) ဖြင့် ဘွဲ့ရရှိခဲ့သည်။

၁၉၉၇ မေလတွင် "ငယ်ပေါင်းရဲ့ တစ်ခါက" (ကဗျာ)ကို‌ ဝေမှူးသွင်အမည်ဖြင့် သရဖူမဂ္ဂဇင်းတွင် ပထမဆုံးပုံနှိပ်ဖော်ပြခြင်းခံရပြီး မြန်မာစာပေ နယ်ထဲသို့စတင်ဝင်‌ရောက်‌လာခဲ့သူဖြစ်သည်။ နောင်တွင် ရန်ကုန်လမ်းမများစာပေထုတ်ဝေရေးလုပ်ငန်းကို တည်ထောင်သူတစ်ဦး လည်းဖြစ်သည်။

၁၉၉၇ ခုနှစ်မှစတင်ကာ မဂ္ဂဇင်း ဂျာနယ်များတွင် ဝတ္ထုတိုနှင့် ကဗျာများ အပုဒ်ရေ ၃၀၀ ကျော်ရေးသား ဖော်ပြခံခဲ့ရသည်။ ၂၀၀၀ ခုနှစ်မှ စတင်၍ လုံးချင်းဝတ္ထုများ စတင်ရေးသားခဲ့ပြီး လုံးချင်းဝတ္ထုပေါင်း ၅၃ အုပ်ကို ရေးသား ထုတ်ဝေခဲ့ပြီးဖြစ်သည်။ ထိုကာလများအတွင်း စစ်အစိုးရ၏ စာပေစိစစ်ရေးမှ "ဘုရားခေတ်က ကလေးတစ်ယောက်၏ မျက်လုံး" အမည်ရှိ ကဗျာရှည် အပါအဝင် စာမူ ၄၀ ခန့်နှင့် စာအုပ် ၂အုပ်ကိုလည်း ဆင်ဆာဖြတ်ပိတ်ပင်ခဲ့သည်။ ၂၀၂၀ ခုနှစ်တွင် လကိုဆုတ်ဖြဲသူ၏ အထ္တုပ္ပတ္တိ အမည်ဖြင့် ပုဒ်ရေ ၇၀ ပုဒ်ပါ ဝတ္ထုတိုပေါင်းချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် အကြောင်းရေးသားထားသော "ကြည်ကြည့်ကို ကြည့်ကြည့်နေရတယ်" အမည်ရှိ ကဗျာရှည်စာအုပ် တို့ကို ထုတ်ဝေခဲ့သည်။

၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး အပြီးတွင် ရန်ကုန်လမ်းမများ အမည်ဖြင့် စာအုပ်တိုက်တစ်ခု ကိုစတင် တည်ထောင်ခဲ့သော်လည်း စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနက စာအုပ်တိုက် Logo ပုံအား သွေးစွန်းသော ရန်ကုန်လမ်းမများ ဟု အဓိပ္ပာယ်ဖွင့်ဆို၍ ခွင့်ပြုချက်မပေးဘဲ ပိတ်ပင်တားမြစ်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင်မှ ရန်ကုန်လမ်းမများ စာအုပ်တိုက်ကို စတင်တည်ထောင်ခွင့်ရခဲ့သည်။ နိုင်ငံရေးအယူအဆ၊ ဒီမိုကရေစီအရေးနှင့် ပတ်သက်သော စာအုပ်များ၊ သမိုင်း၊ ရသ သုတ စာပေများ၊ ပညာရေး နှင့်ပတ်သက်သော စာအုပ်များစွာ ကို ထုတ်ဝေခဲ့သည်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် တက်ကြွလှုပ်ရှားသူအဖြစ် လည်းကောင်း၊ ၂၀၀၈ နာဂစ်မုန်တိုင်းကြောင့် ဒုက္ခသည်များအား ကူညီကယ်ဆယ်ရေး လုပ်ငန်းများတွင် လည်းကောင်း ပါဝင်ခဲ့သည်။

၂၀၁၂ ခုနှစ်တွင် ဇနီးဖြစ်သူ ဒေါ်ဝါဝါကြည်နှင့် လက်ထပ်ခဲ့ပြီး သား နှစ်ယောက် ထွန်းကားခဲ့သည်။

ရေးသားထုတ်ဝေခဲ့သော စာအုပ်များ

လဆွဲအားနဲ့မိန်းမ

အဆင့်မြင့်ချည်တိုင်

အနှေးသွားလွန်းပျံယာဉ်

စိတ်ကောက်နတ်သမီး

လေလုံဇကာ(ကဗျာ)

အပြာရောင်မှတ်ညဏ်အပိုင်းအစများ

သံယောဇဉ်ဖတ်စာ

သစ်ရွက်တို့၏ပေါ့ဆခြင်းများ(ကဗျာ)

ဝတ်မှုန်ကူးတဲ့ကြယ်

စက္ကူပန်းတွေရဲ့သီချင်း

ကျူးပစ်ကိုယ်တိုင်မသိတဲ့မြှားအကြောင်း

ဗလာကောင်ရေးတဲ့ဗလာအကြောင်းများ

အခန်းဆက်နှင်းဆီ

ကျွမ်းကျင်စွာပြုလုပ်ထားသောအလွမ်း

ချစ်သူပြောတဲ့တနင်္ဂနွေပုံပြင်

တစ်ခါတစ်ရံများ

အချစ်အကြောင်း(ကဗျာ)

အဆောင်သူအတွက်

အသည်းကွဲလူရွှင်တော်

တယော

ဧဒင်ဥယျာဉ်ရဲ့နောက်ဆုံးနေ့

ဘတ်သီးအော်ပရေးရှင်း

အလွမ်းတွေချိတ်ဆွဲထားတဲ့မိုးတိမ်

မူကြိုတစ်ဦး၏ဖာလူဒါအရာသာ

လူနောက်

ကတ္တီပါလက်ရေး

လိပ်ပြာထောင်ချောက်

ပြယ်လွင့်ခဲ့သောအမှတ်တရ

မမရေးတဲ့နေ့စွဲများ

ပန်းပွင့်အက်ကြောင်း

ဘာညာအထာ

ဘယ်သူမှအရူးမဟုတ်ဘူး

ဂိမ်း

ပန်းဝင်စား

အလင်းခက်ဆစ်

ခေါင်းညိတ်ပြေးတဲ့အရိပ်ကလေး

မဲ့ပြုံးလေးနဲ့အချစ်

နှင်းဆီရောင်မုန်တိုင်း

အလင်းအမှောင်ကကြိုး

သူငယ်ချင်းလွယ်အိတ်ထဲကချစ်သူ

ဟဲလို

မိုးအယ်လ်ဘမ်

ကြာပန်းလေးနဲ့ပြန်မခေါ်ကြေး

သမ်းဝေနေသောအလွမ်းမှတ်စုများ

အစိမ်းရောင်ကစားနည်း

ကျွန်တော်နှင့်ပျက်ကျသွားသောအလင်းပွင့်လေးများ

မိုးသီးဇွန်နှင့်စကားစမြည်(အယူအဆရေးရာ အင်တာဗျူး အမေးအဖြေများ)

လူပျောက်ကြော်ငြာ

အပျော်တမ်းအခင်းအကျင်း

မျိုးစောင့်ဥပဒေကိုငြင်းဆိုလိုက်ခြင်း နှင့် အမှောင်ကိုဖြတ်ကျော်လာသော အနက်ရောင်စဉ်းစားခြင်းများ

ရင်ကွဲမျက်လှည့်

ကြည်ကြည့်ကို ကြည့်ကြည့်နေရတယ်(ကဗျာ)

လကို ဆုတ်ဖြဲသူ၏ အတ္ထုပ္ပတ္တိ