ဦးဃောသိတ

Listing Description

ဆရာတော်သည် မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ဖိုကြီးကျေးရွာတွင် ၁၂၉၂ ခုနှစ်၊ ကဆုန်လ္ဆန်း(၉)ရက်၊ တနင်္လာနေ့တွင် ဖွားမြင်ခဲ့သည်။ မိဘများသည် ဦးဘိုးချီ+ဒေါ်ဆယ်မိတို့ ဖြစ်ကြသည်။

မွေးချင်း(၇)ယောက်အနက် စတုတ္ထမြောက် သားရတနာဖြစ်သည်။ အံ့ဩစရာ ကောင်းသည့်အချက်ကား သနပ်ခါးအလိမ်းမခံတတ်။ အလွန်ရှက်တတ်သည်။ (၇)နှစ်သားအရွယ်တွင် အစ်ကိုများနှင့်အတူ ဖိုကြီးရွာမ အနောက်ကျောင်းသို့ ပညာသင်ကြားရန် လိုက်ရသည်။ ကျောင်းထိုင်ဆရာတော်ကြီး ဦးနန္ဒိယ၊ လက်ထောက်ဘုန်းတော်ကြီး ဦးဝိမလတို့ထံတွင် မြန်မာစာ၊ သင်္ချာ၊ မင်္ဂလသုတ်၊ ပရိတ်ကြီး၊ အတွင်းအောင်ခြင်း၊ အပြင်အောင်ခြင်း၊ မဟာနမက္ကာရ၊ လောကနီတိနှင့် ငါးရာ့ငါးဆယ် ဇာတ်တော်များကို သင်ပြပေးပါသည်။ ငယ်စဉ်က အိမ်သို့ပြန်ရောက်လျင် မွေးချင်းများကို ပုံပြင်ပြန်ပြောပြလေ့ရှိသည်။ စာတစ်ကြောင်းပြီးတိုင်း "အင်း" ဟု အသံရှည်ရှည်ဖြင့်ပြောရသည်။ သို့မှသာ သူကျေနပ်သည်။ စာဖတ်ဝါသနာလည်း ကြီးသည်။ ရတနာ့ဂုဏ်ရည် စာအုပ်ကို အလွန်ဖတ်သည်။ ရတနာ့ဂုဏ်ရည်စာအုပ်ကို ရေးသားပြုစုတော်မူသော မဟာဂန္ဓာရုံဆရာတော်ကို အလွန်ဖူးခြင်သည်။ အားလျင် ညီအစ်ကိုများ တိုင်ပင်ပြီး ကဗျာရေးကာ ခဲတံတစ်ချောင်းနှင့် စီးချက်ဝါးချက်လိုက်လေ့ရှိသည်။

အသက်(၁၂)နှစ်သို့ရောက်သောအခါ ထိုကျောင်းတွင်ပင် မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူလျက် လက်ထောက်ဆရာတော်ဦးဝိမလ၏ ဥပဇ္ဈာယ်ကို ခံယူပြီး ရဟန်းအဖြစ်သို့ရောက်ခဲ့သည်။ သက်တော် (၁၆)နှစ်အရွယ်ခန့်တွင် နောင်တော်ရင်း မင်္ဂလာတိုက် စာချဆရာတော် ဖြစ်နေသော ဦးသုမန က မဟာဂန္ဓာရုံဆရာတော်ထံသို့ အပ်နှံသည်။ ဆရာတော်ကို ဖူးခြင်သောဆန္ဒ ပြည့်ဝသွားသည်။ ထိုစဉ်က သံဃာ(၂၅)ခန့်သာရှိသေးသည်။ သူငယ်ချင်းမရှိသဖြင့် ကျန်သောအချိန်များတွင် ကျောင်းပေါ်တွင်သာ နေလေ့ရှိသည်။ နောက်ပိုင်းတွင် နာယကတစ်ပါးဖြစ်လာမည့် ကိုရင်ကုဏ္ဍလ (ဥုးကုဏ္ဍလာဘိဝံသ)၊ ကိုရင်ကဝိသာရ (နောင်သောအခါ ဝေဇယန္တာဆရာတော်)တို့နှင့် သူငယ်ချင်းဖြစ်လာသည်။ တစ်ခါက (ဥုးကုဏ္ဍလာဘိဝံသ) ကိုရင်ကုဏ္ဍလ က စစ်ကိုင်းတွင် ပဋ္ဌာန်းသွားလိုက်ကြသည့် သံဃာများကို "မြို့ကိုသာ ကျင်ခွါမြန်းပါတဲ့ ကိုယ့်လိုဆရာတွေ သေလာစခန်းဆီသို့ သေချာညွန်းပါလို့ မေတ္တာဝေ" ဟုရေးရာ သေချာညွန်းပါလို့ကို အဝေရာညွန်းပါလို့ဟု ပြင်ရန် ပြောဖူးပါသည်။ ကျောင်းစည်းကမ်းအရ ပရိယတ္တိစာပေကလွဲပြီး ကျန်တာ ဘာမျှလုပ်မရသော်လည်း ဆောင်းပါးများ မသိမသာရေးသည်။ ရံခါ ရွှေတံဆိပ်ဆုများရသည်ဟုသိရသည်။ တစ်နေ့တွင် ကဆုန်လပြည့် ဗုဒ္ဓနေ့ ဆောင်းပါးရေးရာ ဆရာတော်ကြီးဖတ်သော သတင်းစာတွင်ပါလာသည်။ ဆရာတော်ကြီးက ငယ်သေးသဖြင့် မရေးရန် တားမြစ်လေသည်။ ၁၃၁၇- ရဟန်းဖြစ်ပြီးစ အချိန်တွင် သာသနဓဇသိရီပဝရဓမ္မာစရိယ ဘွဲ့ကိုရလေသည်။ စာရေးဝါသနာပါသောကြောင့် ဆရာတော်ကြီးက အလင်္ကာ ဘာသာဋီကာ ကိုသင်ကြားပေးခဲ့သည်။ သင်ကြားရင်းပင် အလင်္ကာဘာသာဋီကာကျမ်းကို အကြမ်းရေးသားပြီး အချောသပ်ခွင့်ပေးသဖြင့် အချောသပ်ကာ ဆရာတော်ကြီးနှင့်အတူ ကျမ်းစာများ ကူညီရေးသားခဲ့သည်။ ထို့နောက် ရန်ကုန်သို့ အင်္ဂလိပ်စာ သင်ယူရန် သွားခဲ့သည်။ အပရဂေါယာနကျောင်းတွင် သင်ယူခဲ့သည်။ ယခုလက်ရှိ ရွှေကျင်သာသနာပိုင် ဆရာတော်ဖြစ်သော ဝိဇ္ဇောတာရုံဆရာတော်သည်လည်း အတူ သင်ယူနေခိုက်ဖြစ်သည်။ ၁၃၃၆-ခုတွင် ဗုဒ္ဓဒေသနာ ဒီပလိုမာဘွဲ့ (Dip. B.d)ကို ရခဲ့သည်။

ထို့နောက်ကမ္ဘာအေး၊ ရေးကူးရပ်တွင် သံဃာ့တက္ကသိုလ်တည်ထောင်ကာ နှစ်(၃၀)ခန့် စာပေပို့ချခဲ့သည်။ စခါစတွင် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း အဖြစ်စခဲ့သည်။ ကျောင်းထိုင်ဘုန်းကြီးများတတ်သင့်၊တတ်ထိုက်သော ပညာများနှင့်အတူ စာရေးနည်း၊ တရားဟောနည်းတို့နှင့် အင်္ဂလိပ်စာကိုပါ သင်ကြားခဲ့သည်။ နောက်ပိုင်းတွင် ပဋိပတ်နယ်သို့ အားဝင်လာသောကြောင့် ရန်ကုန်မြို့၊ ဗဟန်း၊ နတ်မောက်လမ်း၊ မိုးကုတ်ဝိပဿနာတရားစဉ်နှင့်လုပ်ငန်းစဉ်ပြန့်ပွါးရေးအဖွဲ့ချုပ်သို့ ရောက်ရှိခဲ့သည်။ ထိုစဉ်က မိုးကုတ်အမာခံဆရာတော် ဦးဓမ္မိဿရ ပျံလွန်တော်မူပြီး ဖြစ်သည်။ ဦးဇနိတာလင်္ကာရနှင့် ဆင်ဖြူကျွန်း ဦးဓမ္မသာရ နှစ်ပါးတည်းအခက်ကြုံနေစဉ် ဦးဃောသိတ တပ်ကူရောက်လာသည်။ ထို့နောက် အပါတ်စဉ် စနေ၊တနင်္ဂနွေနေ့တိုင်း ပျံလွန်တော်မူသည်အထိ တရားတော်များ ဟောကြားခဲ့သည်။ ဆရာတော်သည် မဟာဂန္ဓာရုံဆရာတော်ကြီး၏ တစ်ဘဝသာသနာ၊ မိုးကုတ်ဆရာတော်ကြီး၏ တစ်ဘဝသာသနာ ကျမ်းစာအုပ်များကို ရေးသားခဲ့သည်။

ကျမ်းစာများ ရေသားတော်မူခြင်း

အရှင်ဇနကာဘိဝံသ၏တစ်ဘဝသာသနာ(ဦးဆောင်ရေးသားခြင်းသာဖြစ်)

မိုးကုတ်ဆရာတော်၏တစ်ဘဝသာသနာ

ပရိဝါသဝိဓိ(ဝတ်စောင့်ရပုံအစီအစဉ်)

ခန္ဓာဉာဏ်ရောက် ပဋိစ္စသမ္မုပ္ပါဒ်တရားတော်(ပထမတွဲ)

ခန္ဓာဉာဏ်ရောက် ပဋိစ္စသမ္မုပ္ပါဒ်တရားတော်(ဒုတိယတွဲ)

ဝိပဿနာဘူမိကျမ်း

ဝမ်းတော်ပြည့် သာသနာဝင်(ဓမ္မာစရိယဦးဌေးလှိုင်နှင့်အတူရေးသား)

ပဉ္စင်္ဂိကမဂ်နှင့် အဌင်္ဂိကမဂ်

မြတ်စွာဘုရား၏မဟာပုရိသလက္ခဏာတော်ကြီး(၃၂)ပါး

၂၂၇သွယ် ကိုယ်ဝယ်ဆင်မြန်း ပုလဲပန်း

ဝိပဿနာအလုပ်ပေး

ပဋိစ္စသမ္မုပ္ပါဒ်စက်ဝိုင်းသင်

ခန္ဓာဉာဏ်ရောက် ပဋိစ္စသမ္မုပ္ပါဒ်တရားတော်များ

အရှင်ဇနကာဘိဝံသ၏ နံနက်ခင်းဩဝါဒများ (ဝေဇယန္တာဥုးမဟောသဓပဏ္ဍိတလည်း ထိုအမည်ဖြင့် စာအုပ်တစ်အုပ် ရေးခဲ့သည်။ မရောကြရန်။)

ဆရာတော်သည် ထေရဝါဒကမ္မဋ္ဌာနနယူပဒေသဂုဏ်၊ ဝိပဿနာဓုရာဝဟဂုဏ်၊ သန္တိသုခနိဒဿနဂုဏ်၊ မဟာနာယကဂုဏ်၊ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ဖြင့် ပြည့်စုံတော်မူသောကြောင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက အမိန့်ကြော်ငြာစာအမှတ်-၁/၂၀၀၇ဖြင့် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘွဲ့တော်ကို ဆပ်ကပ်ခြင်းခံခဲ့ရသည်။

ဆရာတော်သည် ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ပျံလွန်တော်မူခဲ့လေသည်။ မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ဖိုကြီးရွာမအနောက်ကျောင်းတွင် လွမ်းစေတီတစ်ဆူ၊ တရားအားထုတ်ခဲ့သည့် မြို့ဖြစ်သော ကော့သောင်းမြို့တွင် ပုံတူရုပ်တုတော်တစ်ဆူ ပူဇော်ထားသည်။