ဦးဗဆွေ (၁၉၁၅ - ၁၉၈၇)

Listing Description

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် အုံးပင်ကွင်းရွာတွင် အဖဦးထွန်းလှိုင်၊ အမိ ဒေါ်ပဲလေးတို့မှ ၁၉၁၅ ခုနှစ်၊ ဧပြီလ (၁၉)ရက်နေ့ မနက် ၉ နာရီ တွင် မွေးဖွားခဲ့သည်။ မွေးချင်း သုံးယောက်အနက် အငယ်ဆုံး ဖြစ်သည်။ 

ရွာဘုန်းကြီးကျောင်း ၌ ပညာသင်ကြား ခဲ့သည်။ ထိုမှတစ်ဆင့် ရှင်သာမဏေ ပြုပြီးနောက် လူထွက်ခဲ့သည်။ ရှင်လူထွက် မောင်ဗဆွေသည် ထားဝယ် အမျိုးသမီး အထက်တန်းကျောင်း သို့သွား၍ (၂)နှစ်ပညာဆည်းပူးခဲ့သည်။ ထို့နောက် အမျိုးသား အလယ်တန်း ကျောင်းသို့ ပြောင်း၍ ပညာသင်ပေးခဲ့သည်။ ၁၉၃၆ ခုနှစ်တွင် ထားဝယ်မြို့ အစိုးရ အထက်တန်းကျောင်း မှ ဆယ်တန်း စာမေးပွဲ ဖြေဆို အောင်မြင်ခဲ့သည်။ ကျောင်းတွင်း ဗုဒ္ဓဘာသာ အသင်း တည်ထောင်ရာတွင် ခေါင်းဆောင်၍ ပါဝင်ခဲ့သည်။ ကျောင်းသား သမဂ္ဂ အဖွဲ့ ကို ဖွဲ့စည်းရာတွင်လည်း  ခေါင်းဆောင်ဖြစ်ခဲ့သည်။

ဆယ်တန်း အောင်မြင်ခဲ့သော ၁၉၃၆ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်  ဒုတိယ အကြိမ် ကျောင်းသားသပိတ်ကြီးသည် နယ်အသီးသီးသို့ ပြန့်နှံ့လာခဲ့ကြရာ ထားဝယ်သို့ ကူးစက် ရောက်ရှိလာခဲ့သည်။ ကိုနု၊ ကိုအောင်ဆန်း စသော တက္ကသိုလ် မှ သပိတ် ခေါင်းဆောင် များသည် ကိုဗဆွေအား စည်းရုံးနိုင်ခဲ့သည်။ သမဂ္ဂ ခေါင်းဆောင် ကိုဗဆွေသည် ကိုနု၊ ကိုအောင်ဆန်းတို့နှင့် အဆက်အသွယ်ပြုကာ ရန်ကုန်တက္ကသိုလ် သို့ ရောက် သည်အထိ တက်ရောက်ခဲ့သည်။

တက္ကသိုလ် တွင် ဟိုက်စကူးသန်းသန်း၊ မြင့်ဆွေ စသော ကလောင် နာမည်ဖြင့် ဒဂုံမဂ္ဂဇင်း၊ ယုဝတီ၊ ကဝိမျက်မှန်၊ ကြီးပွားရေး၊ ဒီးဒုတ်ဂျာနယ်၊ ဗန္ဓုလဂျာနယ် စသော ဂျာနယ် မဂ္ဂဇင်းကြီး များနှင့် တက္ကသိုလ် သမဂ္ဂ ၏ အိုးဝေမဂ္ဂဇင်း တွင် ရေးသားခဲ့သည်။ ကက်သရင်ဂွက်ထော် အကြောင်း ဆောင်းပါးမှာ သူ့ ကလောင် လက်ရာ အပြောင်မြောက်ဆုံး ဖြစ်ခဲ့သည်။ 

ကမ္ဘာ့သမိုင်း ရာဇဝင်၊ ဓနဗေဒ စသည့် ဘာသာရပ်များကို ယူပြီး ကျောင်းမတက်ခဲ့ပေ။ ကျောင်းမတက်၊ စာမေးပွဲ မဖြေပဲ တက္ကသိုလ် နယ်မြေတွင် စုစုပေါင်း(၅)နှစ်ခန့် နေထိုင်ခဲ့ပြီး နိုင်ငံရေး လုပ်ခဲ့သည်။ ဥပစာ အထက်တန်း(အိုင်-အေ အထက်တန်း)အထိသာ တက်ရောက်ခဲ့သည်။ ကိုအောင်ဆန်း နှင့် ကိုနု တို့၏ ဆွဲဆောင်မှုကြောင့် နိုင်ငံရေး နယ်ထဲသို့ ဝင်ရောက်ခဲ့ရာ ၁၉၃၈ ခုနှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ၏ အထွေထွေ အတွင်းရေးမှူး ဖြစ်လာခဲ့သည်။ 

ကွန်မြူနစ် မာ့က်စ်ဝါဒများ ကိုလည်း လေ့လာပြီးနောက် သခင်စိုး၊ သခင်သန်းထွန်း တို့ကိုလည်း ဆရာတင် ဆည်းကပ် ခဲ့သည်။ ရေနံမြေ သပိတ် ရန်ကုန်သို့ စုပေါင်း တပ်ကြီး ဖွဲ့ကာချီတက်လာရာ လမ်းတလျှောက် ကိုဗဆွေ နှင့် ကိုဗဟိန်း တို့သည် တပ်ဦးမှ ခေါင်းဆောင်၍ လိုက်ပါ လာခဲ့ကြသည်။ အလုပ်သမား သပိတ်တပ်ကြီး အား အားပေးကူညီ၍ တရားဟောခဲ့သောကြောင့် ထောင်ခြောက်လ ပြစ်ဒဏ်ကျပြီး မကွေးထောင်မှ အင်းစိန်ထောင် သို့ ပြောင်းရွှေ့ခြင်း ခံရသည်။ နိုင်ငံရေးကို အားသွန် ခွန်စိုက် ကြိုးပမ်း လုပ်လိုသော ဆန္ဒကြောင့် ၁၉၃၉ ခုနှစ်တွင် ကျောင်းမှ ထွက်ကာ ထားဝယ်သို့ ပြန်လာခဲ့ပြီး အလုပ် လုပ်နေခဲ့သည်။ ၁၉၄၀ ပြည့်နှစ်တွင် ကျောင်းသား သမဂ္ဂ ကို ခေါင်းဆောင်ရန် အထူး ခေါ်ယူခြင်း ခံရ၍ ပြန်လာခဲ့ရသည်။  အင်္ဂလိပ် ကိုလည်း တော်လှန် ပုန်ကန်ရန် ဖွဲ့စည်းထားသော ဗမာ့တော်လှန်ရေးတပ်ဦး ခေါ် သူပုန်ပါတီ အတွက် ထိရောက်သော လျှို့ဝှက်လုပ်ငန်း များကို လုပ်ဆောင်ခဲ့ရသည်။ နဂါးနီ စာစောင် တွင်လည်း နိုင်ငံရေး ဆောင်းပါးများ မနေမနား ရေးသားခဲ့သည်။

ဘီ-အာရ်-ပီ(Burma Revolutionary Party) ဗမာ့တော်လှန်ရေးတပ်ဦး နှင့် ပီ-အာရ်-ပီ(People's Revolutionary Party)ခေါ် ပြည်သူ့အရေးတော်ပုံ ပါတီ တွင်  ကိုဗဆွေ သည် စည်းရုံးရေးအဓိက တာဝန်ခံ ဖြစ်သည်။ 

ဂျပန်တပ်မတော် နှင့် ဗမာ့လွတ်လပ်ရေး တပ်မတော် တို့ နယ်ချဲ့တို့အား တိုက်ခိုက် နေစဉ်အတွင်း တနင်္သာရီတိုင်း တစ်ခုလုံး နီးပါး ငြိမ်ဝပ်ပိပြားရေး အတွက် ဦးဗဆွေ တာဝန် ယူခဲ့ရသည်။  မြန်မာပြည် သည် ဂျပန်များ အုပ်ချုပ်မှု အောက်တွင်ရှိနေစဉ် ဦးဗဆွေသည် မြိတ်ခရိုင် ပြည်သူ့တော်လှန်ရေး ပါတီ ၏ အမှုဆောင် အဖြစ် ဆောင်ရွက်လုပ်ကိုင် ခဲ့ပြန်သည်။

ဂျပန် လက်အောက်တွင် မြန်မာများရောက်နေသော ၁၉၄၂ ခုနှစ်တွင် ပြည်ထဲရေးဝန်ကြီး ဖြစ်သော သခင်မြက နေရာ ချထားပေးသဖြင့် 'ကေဘိုတိုင်' ခေါ် မြို့ပြ ကာကွယ်ရေးတပ် ကို ဦးဆောင်ခဲ့ရသည်။ ၎င်းတပ်ဖွဲ့ သည် မြန်မာအစိုးရ ၏ လက်အောက်ခံလည်း မဟုတ်၊ ဂျပန်နှင့်လည်း တိုက်ရိုက် မပတ်သက် သူ့နည်းသူ့ဟန်ဖြင့် မြန်မာ တစ်ပြည်လုံး ၏ လွတ်လပ်ရေး အတွက် ဆောင်ရွက်ခဲ့ရသည့် အဖွဲ့ ဖြစ်သည်။ 

၁၉၄၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့ ၌  ဂျပန်တို့က ဖမ်းဆီးခြင်းကိုခံရပြီး ၂၄ ရက်တိတိ ထောင်ကျ ခံခဲ့ရပြီးနောက် လွတ်မြောက်လာခဲ့သည်။ ထို့နောက် ဗိုလ်ချုပ်အောင်ဆန်း ၏ သဘောတူညီချက် ဖြင့် သခင်မြ၊ ဦးကျော်ငြိမ်း၊ ဦးဗဆွေတို့ ခေါင်းဆောင်သော ဆိုရှယ်လစ်ပါတီကို တည်ထောင်ခဲ့သည်။ ထို့နောက် ဦးဗဆွေ အား ဆိုရှယ်လစ် ပါတီ ဥက္ကဋ္ဌ ရာထူးကို လက်ခံ စေခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း နှင့် အခြားခေါင်းဆောင်များ အင်္ဂလန် သို့ သွားရောက် အရေးဆို နေစဉ်အတွင်း ဦးဗဆွေသည် ဖဆပလ အဖွဲချုပ် ၏ အတွင်းရေးမှူးချုပ် အဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၅၂ ခုနှစ်တွင် ဖဆပလ ဒုတိယ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ အထွေထွေ ရွေးကောက်ပွဲ တွင် တိုက်ကြီး မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်အမတ် အဖြစ် ရွေးကောက် တင်မြှောက်သဖြင့် ဝန်ကြီးအဖွဲ့တွင် ကာကွယ်ရေးဝန်ကြီး အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် အာရှ ဆိုရှယ်လစ် ကွန်ဖရင့် အစည်းအဝေးကြီး တွင် သဘာပတိ အဖြစ် ရွေးချယ်ခံခဲ့ရ သည်။ ၁၉၅၄ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ ၌ ကျင်းပသော အာရှ ဆိုရှယ်လစ် နှစ်ပတ်လည် ညီလာခံ ၌ သဘာပတိ အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၅၆ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဦးဗဆွေအား ရန်ကုန်မြို့၊ လမ်းမတော်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် အမတ်အဖြစ် ရွေးချယ်တင် မြှောက်ခြင်း ခံရ ပြီးနောက် ဝန်ကြီးချုပ် ဦးနု နေရာ တွင် ဝန်ကြီးချုပ် အဖြစ် ဆက်လက် ရွေးချယ် တင်မြှောက်ခြင်း ခံရသည်။ ဝန်ကြီးချုပ် တာဝန်အပြင် ကာကွယ်ရေး ဝန်ကြီးဌာနနှင့် အမျိုးသား စီမံကိန်း ဝန်ကြီးဌာနများ ကိုလည်း ဦးစီး ဆောင်ရွက်ခဲ့ရသည်။ ၁၉၅၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ယူနန် ဖန်ရှီ တွင် တရုတ်-ဗမာနယ်စပ် လူထု အစည်းအဝေး ကို ကျင်းပရာ တရုတ် - ဗမာ လူထု ၂၀၀၀ ခန့် တက်ရောက်၍ တရုတ် ဝန်ကြီးချုပ် ချူအင်လိုင်း နှင့် မြန်မာ ဝန်ကြီးချုပ် ဦးဗဆွေ တို့ တက်ရောက်ခဲ့ကြသည်။ ဦးဗဆွေ သည် ၁၉၅၇ ခုနှစ်၊ ဖေဖော်ရီလ ၂၅ ရက်နေ့တွင် ဝန်ကြီးချုပ် ရာထူးမှ အနားယူခဲ့သည်။ ၁၉၅၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက် ပြည်သူ့ လွှတ်တော် အစည်းအဝေး တွင် ဦးနုအား ဝန်ကြီးချုပ် အဖြစ် တင်မြှောက်ခဲ့ပြီး ဦးဗဆွေ သည် ဒုတိယ ဝန်ကြီးချုပ် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။

သင်္ဃန်းကျွန်းမြို့နယ်ရှိ ရန်မျိုးအောင်စေတီ မှာ ဦးဗဆွေ ဦးစီးတည်ထားကိုးကွယ်ခဲ့သော စေတီတော်ဖြစ်သည်။ ထားဝယ် သမဂ္ဂ နာယကကြီး တစ်ဦးလည်းဖြစ်သည်။

၁၉၅၅ ခုနှစ်တွင် ယူဂိုစလပ် နိုင်ငံ သမ္မတကြီး မာရှယ်တီးတိုး ၏ ဂုဏ်ထူးဆောင် ပထမဆင့် ဆုတံဆိပ်၊ ၁၉၅၉ ခုနှစ်တွင် လွတ်လပ်ရေး မော်ကွန်းဝင် ပထမဆင့်၊ ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်၏ အမြင့်ဆုံး ဆင်ဖြူ တံဆိပ် တို့ကို ရရှိခဲ့သည်။ ၁၉၈၀ ပြည့်နှစ်တွင် နိုင်ငံ့ဂုဏ်ရည် ပထမအဆင့် ချီးမြှင့် အပ်နှင်းခဲ့သည်။

၁၉၄၅ ခုနှစ်၊ နိုဝင်ဘာလ တွင် ဒေါ်နုနုဆွေနှင့် လက်ထပ်ခဲ့ပြီး သားသမီး ၁၀ ယောက် ထွန်းကားခဲ့သည်။

၁၉၈၇ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့ အသက် ၇၃ နှစ် အရွယ်တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။