သူရဲကောင်းဗိမာန်

Listing Description

သူရဲကောင်းဗိမာန်သည် နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ဇေယျာသီရိမြို့နယ် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကျင်းပရာ စစ်ရေးပြကွင်း၏ အရှေ့ဘက် ပေ ၃၀၀၀ ခန့်အကွာတွင်ရှိသော အကျယ်အဝန်း ၃၈.၅ ဧကခန့်ရှိသည့် တောင်ကုန်းတစ်ခုပေါ်၌ တည်ရှိသည်။ သူရဲကောင်းဗိမာန်သည် အလျား၊ အနံ၊ အမြင့် ၅၄ ပေစီရှိကာ စကျင်ကျောက်များဖြင့် တည်ဆောက်ထားပြီး၂၀၁၇ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ နိုင်ငံတော်၏လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးအတွက် မိမိအသက်ကိုပင်ပဓာနမထားဘဲ တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ပေးလှူခဲ့သော တပ်မတော်သားများနှင့် အရပ်သား သူရဲကောင်းများအတွက် ဂုဏ်ပြုတည်ဆောက်ခဲ့ခြင်း ဖြစ်ပါသည်။ ဗိမာန်ကြီး၏ အဆောက်အဦး အတွင်းတွင် အလျား ၄ ပေ၊ အနံ ၄ ပေ၊ အမြင့် ၁၂ ပေရှိ အထိမ်းအမှတ် စကျင်ကျောက်တိုင်ရှိပြီး အထိမ်းအမှတ်ကျောက်တိုင်ရှေ့၌ ဂုဏ်ပြုပန်းခြင်းချ၍ မြန်မာနိုင်ငံတော်အတွက် အသက်စွန့်လွှတ်ခဲ့ရသူများအား အလေးပြုရန်နေရာရှိသည်။ သူရဲကောင်းဗိမာန်၏ အတွင်းနံရံများပေါ်တွင် အလျား ၁၂ ပေ၊ အနံ ၁၁ ပေရှိ ကြွေပြားဆိုင်းဘုတ် ၈ ချပ်ပေါ်၌ နိုင်ငံအတွက် အသက်စွန့်လွှတ်ခဲ့သော သူရဲကောင်းများ၏ အမည်နာမများကို ကမ္ပည်းတင် ရေးထိုးထားပါသည်။ အဆိုပါ ဗိမာန်ကြီး၏ အနောက်တောင်ဘက်တွင် မင်းသုံးပါးရုပ်တုနှင့် တပ်မတော်နေ့စစ်ရေးပြကွင်းကြီးကို တွေ့မြင်နိုင်သည်။ သူရဲကောင်းဗိမာန်ကို နေ့စဉ်နံနက် ၁၀ နာရီမှ ည ၉ နာရီအထိဖွင့်လှစ်ထားရှိပြီး မည်သူမဆိုအခမဲ့ဝင်ရောက်လေ့လာနိုင် ပါသည်။