သတ္တသတ္တာဟမဟာဗောဓိစေတီတော်

Listing Description

သတ္တသတ္တာဟမဟာဗောဓိစေတီတော်သည် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ ခွာညိုပန်းအဝိုင်းမှ တပ်ကုန်းမြို့သို့သွားရာ ကွန်ကရစ်ကားလမ်းအနီး  ဥဒယရံသီကုန်းတော်တွင် တည်ရှိပါသည်။ အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဂယာကို မသွားရောက်နိုင်ကြသော ပြည်သူများအတွက် ရည်စူးကာ နိုင်ငံတော်မှ  သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာတော်ကြီးများ၊ အတတ်ပညာရှင်နှင့်  အသိပညာရှင်များ၊ အလှူရှင်များကပူးပေါင်း၍ အိန္ဒိယနိုင်ငံရှိ မဟာဗောဓိစေတီတော်ပရိဝုဏ်အတွင်းမှ သတ္တသတ္တာဟ ခုနစ်ဌာနနှင့် ပုံစံတူ နေပြည်တော်၌ ဗုဒ္ဓဂယာ သို့မဟုတ် သတ္တသတ္တာဟ မဟာဗောဓိစေတီတော်ကြီးကို သပ္ပာယ်စွာ တည်ဆောက်ထားခြင်းဖြစ်သည်။ မဟာဗောဓိ စေတီတော်သည် ဉာဏ်တော်အမြင့် ၁၆၂ ပေရှိပြီး စေတီတော်အတွင်းတွင် မြတ်ဗုဒ္ဓ၏ မဇ္ဈိမခရီးစဉ် ဗုဒ္ဓဂါယာဓာတ်ပုံများ ပြသထားပါသည်။ သတ္တသတ္တာဟ မဟာဗောဓိစေတီတော် ဘုရားပရဝဏ်အတွင်းတွင် မဟာဗောဓိပင်တော်နှင့် ရွှေပလ္လင်တော်၊ အနိမိသစေတီတော်၊ စင်္ကြံတော်၊ ရတနာဃရ ရွှေအိမ်တော်၊ အဇပါလညောင်ပင်၊ မုစလိန္ဒအိုင်၊ ရာဇာယတန လင်းလွန်းပင်ဟူ၍ ခုနစ်ဌာနရှိပါသည်။ သတ္တသတ္တဟမဟာဗောဓိစေတီတော် အနီး ၇ ဖာလုံခန့်အကွာ နေပြည်တော်-တပ်ကုန်း အမှတ်(၁) လမ်းမကြီးပေါ်ရှိ မိုင်တိုင်အမှတ် ၆ မိုင် ၅ ဖာလုံတွင် ထူးဆန်းသည့် ဆင်ခြေ လျှောကုန်းဆင်းလေးတစ်ခု ရှိနေသည်။ ယင်းဆင်ခြေလျှောတွင် ကားများကို ဂီယာမထိုးဘဲ စက်ရပ်ထားပါက သံလိုက်စက်ကွင်းစွဲအားကြောင့် ကားများမှာ ဘက်ဂီယာမထိုးဘဲ နောက်ပြန်၍ တောင်ကုန်းအတိုင်း အနည်းဆုံး ပေ ၅ဝ မှ ပေ ၁ဝဝ ခန့်အထိ ပြန်တက်လာသည်။ ထိုသို့သောနေရာမျိုးမှာ ကမ္ဘာပေါ်တွင် အလွန်နည်းပါးစွာတွေ့ရပြီး အိမ်နီးချင်း ထိုင်းနိုင်ငံတွင်လည်း ယခုကဲ့သို့ နေရာတစ်ခု ရှိပါသည်။