သိန်းဖေမြင့် (အမည်ရင်း သိန်းဖေ) ကို ၁၉၁၄ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင် မြို့နယ်၌ မွေးဖွားခဲ့သည်။ စာပေစတင် ရေးသားသည့် အချိန်မှစ၍ ငယ်အမည် သိန်းဖေတွင် မိခင်၏အမည် ဒေါ်မြင့်မှ မြင့်ကိုယူကာ ကလောင်အမည်တွင် သိန်းဖေမြင့်ဟူ၍ ပေါင်းထည့်ခဲ့သည်။ ၁၉၃၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် မှ ဘီအေဘွဲ့ ရရှိခဲ့သည်။ သိန်းဖေမြင့်သည် ခင်ကြည်ကြည်နှင့် ၁၉၄၆ ခုနှစ်တွင် အိမ်ထောင်ကျကာ သားသမီး လေးယောက် ရရှိခဲ့သည်။ သူသည် ၁၉၇၈ ခုနှစ် အသက် ၆၄ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့သည်။ သိန်းဖေမြင့် (သခင်သိန်းဖေ) ၁၀ ဇူလိုင် ၁၉၁၄ - ၁၅ ဇန်နဝါရီ ၁၉၇၈) သည် ဩဇာညောင်းသော မြန်မာ့နိုင်ငံရေးသမား၊ စာရေးဆရာနှင့် သတင်းစာဆရာတစ်ဦးဖြစ်သည်။ ထင်ရှားလှသည့် မြောက်မြားစွာသော နိုင်ငံရေးနှင့် လူမှုရေးစာအုပ်များကို ရေးသားခဲ့သူတစ်ဦးဖြစ်ပြီး ဩဇာလွှမ်းမိုးသော ဗိုလ်တထောင် သတင်းစာကို စတင်တည်ထောင်ခဲ့သူလည်း ဖြစ်သည်။ သိန်းဖေမြင့်သည် မာက်(စ်) ဝါဒ အသိပညာဆိုင်ရာ ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ပြီး မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှုနှင့် စစ်ပြီးခေတ်နိုင်ငံရေးတွင် အဓိက ဦးဆောင်ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်။
၁၉၃၀ ခုနှစ် အလယ်ပိုင်းနှစ်များတွင် သိန်းဖေမြင့်သည် ရန်ကုန်တက္ကသိုလ် ကျောင်းသားတစ်ဦးအနေဖြင့် နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ ၁၉၃၂ - ၃၃ တွင် မန္တလေးဥပစာကောလိပ်၌ ပညာသင်ကြားရာ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အမှတ်ကောင်း၍ ဥပစာတန်းကို တစ်နှစ်တည်း တက်ခွင့်ရခဲ့သည်။ ဥပစာတန်းတွင် ပညာသင်ကြားစဉ် အစိုးရက မန္တလေးကောလိပ်ကိုပိတ်ရန် စီစဉ်သည်ကို ကိုကျော်ငြိမ်း (နောင် ဒုတိယဝန်ကြီးချုပ် ဦးကျော်ငြိမ်း)၊ ကိုခင်မောင်လေး (နောင် ဝန်ကြီး ဗိုလ်ခင်မောင်လေး)၊ ကိုသီဟန်(နောင် ဝန်ကြီးဦးသီဟန်) တို့နှင့်အတူ ဦးဆောင်ကန့်ကွက်ခဲ့သည်။ ဥပစာတန်းအောင်၍ ရန်ကုန်တက္ကသိုလ်သို့ ပြောင်းရွေ့ပညာသင်ယူသည်။
ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ကြားနေစဉ် ၁၉၃၄ - ၃၅ တွင် ကိုကျော်ငြိမ်းနှင့်အတူ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အလုပ်အမှုဆောင်အဖြစ် ရွေးချယ်ခံရသည်။ ထိုနှစ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌမှာ ကိုဖိုးအေး (နောင် မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားရေးဝန် ဒေါက်တာဖိုးအေး) ဖြစ်သည်။ ဥက္ကဋ္ဌကို ဆန့်ကျင်ကာ တက္ကသိုလ်အာဏာပိုင်များကို အတိုက်အခံပြုခဲ့သည်။ တက္ကသိုလ်တွင် သခင်ဗစိန်နှင့် ပေါင်း၍ ဒိုင်အာခီအုပ်ချုပ်ရေး ကို ဆန့်ကျင်ခဲ့သည်။ သိန်းဖေမြင့်သည် ၁၉၃၅ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။
ထို့နောက်တွင် သူ့အား အမည်ရင်း သိန်းဖေ အဖြစ်လူသိများနေဆဲဖြစ်ပြီး ဩဇာလွှမ်းမိုးမှုရှိသော ဗြိတိသျှ ကိုလိုနီ ဆန့်ကျင်ရေးအသင်းကြီးဖြစ်သည့် တို့ဗမာအစည်းအရုံး၏ အတွင်းရေးမှူးဖြစ်လာခဲ့သည်။ ထိုအသင်းကြီးတွင် သခင်အောင်ဆန်း၊ သခင်နု၊ သခင်သန်းထွန်း၊ သခင်ရှုမောင် (နောင်တွင် ဦးနေဝင်း) ကဲ့သို့ မြန်မာ့နိုင်ငံရေးလွတ်လပ်ရေး ကြိုးပမ်းမှု တွင် အသင်းဝင်အဖြစ် ပါဝင်ခဲ့သည်။
သူ၏ နိုင်ငံရေးဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းက “ထိန်းမရသိမ်းမရ သိန်းဖေ” ဟု ကင်ပွန်းတပ်ခဲ့သလို၊ ဦးနုကမူ “သိန်းဖေမြင့်သည် မြန်မာစာပေလောက တွင်သာမက ကမ္ဘာလောကတွင်ပါ ထိပ်ဆုံးသို့ရောက်နိုင်သော အရည်အချင်းများနှင့် ပြည့်စုံသည့် စာရေးဆရာတစ်ဦးဖြစ်သည်။ သို့သော် ၎င်းကို အကြိမ်ကြိမ်အဖန်ဖန် ငြင်းဆန်ပယ်ထုတ်ခဲ့သော နိုင်ငံရေးလောကကိုသာ အာသာငမ်းငမ်းတက် စွဲလန်းကာ၊ နိုင်ငံရေးလောကသို့ ဝင်နိုင်ရန် မလျော့တမ်း ကြိုးစားလျက်ရှိသူ” ဟူ၍ မှတ်ချက်ချခဲ့သည်။
စာရေးဆရာ ဒဂုံတာရာက "သူ၌ ကိုယ်ပိုင်ထင်မြင်ယူဆချက် ရှိသည်။ သူသည် သူ၏ကိုယ်တိုင်ယုံကြည်ချက်ကို တင်ပြလေ့ရှိသည်။ သို့သော် ပါတီတရပ်လုံး လိုက်နာအောင် မစည်းရုံးနိုင်၊ မလှုံ့ဆော်နိုင်ခဲ့ပါ
ပါတီနိုင်ငံရေးသဘောကား မိမိယုံကြည်ချက်ကို ပါတီတရပ်လုံး ယုံကြည်ချက်နှင့် ညှိရေး ဖြစ်၏။ ပါတီက ယုံကြည်လာအောင် လုပ်ရသော အတတ်ပညာဖြစ်၏။ မိမိကြိုးက သိပ်တင်းနေလျှင် သော်လည်းကောင်း၊ လျော့နေလျှင် သော်လည်းကောင်း၊ တေးသံမထွက်လာပေ။ ကြိုးညီမှတီး၍ရကာ ဂီတသံထွက်လာပေမည်။
သူသည် သူ့ကြိုးကိုသူ ညှိသဖြင့် အခြားအသံများနှင့် ပဋိပက္ခဖြစ်ကာ ကင်းကွာလာခဲ့ရ၏။ သိန်းဖေမြင့်၏လမ်းစဉ်သည် ပါတီ၏လမ်းစဉ်ဖြစ်လာအောင် တိုက်နိုင်မည်ဆိုလျှင် ယနေ့တိုင် ကွန်မြူနစ်ပါတီနှင့် သူသည် တသားတည်းနေမည်ဖြစ်သည်။ သူသည် မတိုက်မဟုတ်။ တိုက်၏။ အနုပညာသည်လည်း သူ၏လက်နက်ကောင်းတခု ဖြစ်၏။ သို့သော် အတိုက်သမားအဖြစ်ကား လန်၍လန်၍ကျခဲ့သည်။ အရေးနိမ့်ခဲ့ရသည်။" ဟူ၍ ရေးသားဝေဖန်ခဲ့သည်။
အကယ်၍ အငြင်းပွားဖွယ်ဖြစ်နိုင်သော်လည်း လူသိများသော စာရေးဆရာတစ်ဦးဖြစ်သည့် သခင်သိန်းဖေသည် မြန်မာနိုင်ငံတွင် လက်ဝဲလှုပ်ရှားမှု၏ ဦးဆောင် ပြောရေးဆိုခွင့်ရှိသူ တစ်ဦးအဖြစ် လျင်မြန်စွာရောက်ရှိခဲ့သည်။ ၁၉၃၆ ခုနှစ် အတွင်း ဖြစ်ပွားခဲ့သော တက္ကသိုလ် ကျောင်းသားများ ဦးဆောင်သည့် ဗြိတိသျှ ကိုလိုနီအစိုးရ ကို သပိတ်မှောက် ဆန့်ကျင်ဆန္ဒပြ ပွဲများနှင့် ၁၉၃၈ ခုနှစ်Bက ဖြစ်ပွားခဲ့သော "၁၃၀၀ ပြည့်အရေးတော်ပုံ"တွင် ထင်ရှားသော ကျောင်းသား ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။
ဒုတိယ ကမ္ဘာစစ် စတင်ဖြစ်ပွားချိန်တွင် ဖက်ဆစ်ဂျပန်တို့ နှင့် မဟာမိတ်ပြုမည်ဆိုခြင်းကို ငြင်းဆန်သော မြန်မာ့လွတ်လပ်ရေးဦးဆောင်လှုပ်ရှားသူ လူနည်းစုဝင် တစ်ဦးဖြစ်သည်။ အခြား အောင်ဆန်းကဲ့သို့ ထင်ရှားသော ကျောင်းသားခေါင်းဆောင်အများစုနှင့် သဘောထားကွဲလွဲပြီး ဗြိတိသျှတို့ကို မနှစ်မြို့သော်လည်း မဟာမိတ်ဖွဲ့ခဲ့သည်။ ၁၉၄၂ ခုနှစ်တွင် ဂျပန်အင်ပါယာ မှ မြန်မာနိုင်ငံကို သိမ်းပိုက်လိုက်သောအခါတွင် မြေအောက်တော်လှန်ရေး လှုပ်ရှားမှုများကို စတင်လုပ်ကိုင်ခဲ့သည်။
ဂျပန်တို့၏ အုပ်ချုပ်မှုသည် ရက်စက်ကြမ်းကြုတ်ကြောင်းကို သိလာရသောအခါတွင် ဂျပန်တို့ နှင့် မဟာမိတ်ပြုမည်ကို ငြင်းဆန်ခဲ့သော သိန်းဖေမြင့်၏ အယူအဆများ မှန်ကန်ကြောင်း သိသာထင်ရှားလာခဲ့သည်။ ဂျပန်တို့နှင့်ထိုအချိန်ထိ မဟာမိတ်ဖွဲ့ထားသော ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်တို့ကို တိုက်ထုတ်ရန်အတွက် မဟာမိတ်များထံမှ အကူအညီ ရယူရန် သိန်းဖေမြင့်ကို အိန္ဒိယနိုင်ငံသို့ သံတမန်အဖြစ် စေလွှတ်ခဲ့သည်။ စစ်ပွဲကာလအတွင်း ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ မြန်မာခေါင်းဆောင်အချို့နှင့် ဗြိတိသျှစစ်တပ် တပ်ဖွဲ့ ၁၃၆ ၊ အထူးစစ်ဆင်ရေးနှင့် ထောက်လှမ်းရေးယူနစ်တို့အကြားတွင် ဖက်ဆစ်ဆန့်ကျင်ရေးဝါဒဖြန့်ချိမှုလုပ်ငန်းများ၊ သတင်းအချက်အလက် စုဆောင်းရေးနှင့် ဆက်ဆံရေးလုပ်ငန်းဆောင်တာများကို အဓိကအခန်းကဏ္ဍမှ ဆောင်ရွက်ခဲ့သည်။ စစ်ပြီးခေတ်တွင် ဗမာပြည် ကွန်မြူနစ်ပါတီ၊ တရုတ်ဗမာ ချစ်ကြည်ရေးအသင်း ပြည်သူ့ငြိမ်းချမ်းရေးအဖွဲ့အစည်း၊ ဗမာပြည်စာရေးဆရာများအဖွဲ့အစည်းများ အပါအဝင် အသင်းအဖွဲ့များနှင့် ပါတီများတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ ၁၉၄၆ ခုနှစ် စစ်ပွဲကာလအတွင်းတွင် ဗိုလ်ချုပ်အောင်ဆန်း အစိုးရလက်အောက်ရှိ စိုက်ပျိုးရေးနှင့် သစ်တောဝန်ကြီးဋ္ဌာန၏ ပထမဆုံးဝန်ကြီးဖြစ်လာခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် သူသည် ထောင်ချခံရပြီး ၁၉၄၉ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။ လွတ်လပ်ရေး ရပြီးနောက်တွင် သိန်းဖေမြင့်သည် နိုင်ငံရေးသမားအဖြစ်မှ ထောက်ခံအားပေးသော စာနယ်ဇင်းသမားအဖြစ်သို့ ပြောင်းလဲခဲ့သည်။
၁၉၃၇ ခုနှစ် ရန်ကုန်တက္ကသိုလ်ကျောင်းသားဘဝကပင် နိုင်ငံရေးလှုပ်ရှားမှုများ ဆောင်ရွက်နေစဉ် အတွင်း စာပေစတင်ရေးသားခဲ့သည်။ ၁၉၃၇တွင် ထုတ်ဝေသော သူ၏ လက်ရာဖြစ်သည့် တက်ဘုန်းကြီးမှာ အချို့သော ဗုဒ္ဓဘာသာဘုန်းကြီးများ၏ လူမှုရေးဖောက်ပြန်မှုနှင့် အဂတိလိုက်စားမှုတို့၏ အရှက်ရဖွယ်ရာကောင်းပုံကို ပွင့်ပွင့်လင်း လင်း ဖော်ပြထားသောစာပေဖြစ်သည်။ သူ၏ မိတ်ဆွေဖြစ်သော တို့ဗမာ အစည်းအရုံးဝင် သခင်နု က ထိုစာအုပ်တွင် အမှာစာရေးသားခဲ့သည်။ ယင်း ကြိုတင်တုံ့ပြန်သည့် စာအုပ်ကြောင့် ဗုဒ္ဓဘာသာကို ရိုသေကိုင်းရှိုင်းသော ဗမာပြည် အတွင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး ပညာတတ်လက်ဝဲဂိုဏ်းဝင် ကောလိပ်ကျောင်းသားတို့က ဗမာ လူထု၏ ရှေးထုံးတမ်းအစဉ်အလာနှင့် ပတ်သက်ပြီး ပြောင်ပြောင်တင်းတင်း စိန်ခေါ်မှု ကြီး တစ်ရပ်အဖြစ် ဖြစ်စေခဲ့သည်။ ထိုစာအုပ်သည် ရဟန်းပျိုများအသင်း၏ ပြင်းပြင်းထန်ထန် ရှုတ်ချခြင်းကိုလည်း ခံခဲ့ရပြီး စာရေးသူနှင့် ထုတ်ဝေသော စာအုပ်တိုက်ပါမကျန် ခြိမ်းခြောက် မှုများခံခဲ့ရသည်။ သို့သော်လည်း ခေတ်စမ်းစာပေ ဦးဆောင်ခဲ့သူတစ်ဦးဖြစ်သည့် ဇော်ဂျီသည် အားပေးလက်ခံခဲ့သည်။ ထို့နောက် သိန်းဖေမြင့်အား တက်ဘုန်းကြီး သိန်းဖေ ဟူ၍ လူသိလာခဲ့သည်။ သူ၏ ထင်ရှားသော စာပေလက်ရာများမှာ-
တက်ဘုန်းကြီး (ခေတ်သစ် ဘုန်းကြီး)
တက်ခေတ် နတ်ဆိုး (ခေတ်သစ်အတွင်းမှ နတ်ဆိုး)
သပိတ်မှောက် ကျောင်းသား
သခင် ကိုယ်တော်မှိုင်း (သခင်ကိုယ်တော်မှိုင်း ၏ အတ္ထုပ္ပတ္တိ )
အရှေ့က နေဝန်းထွက်သည့်ပမာ -- မြန်မာစာပေဆုရ
ချင်းပြည် သမိုင်း-- မြန်မာစာပေဆုရ
What Happened in Burma (မြန်မာပြည်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အ ပျက်များ) နှင့် Over the Ashes ( ပြာပုံပေါ်တွင်) တို့အပါအဝင် စာအုပ်များစွာကို သူသည် အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သည်။ သူ၏ လက်ရာများစွာမှာ ယနေ့ခေတ်တိုင်အောင် ပြန်လည်၍ ထုတ်ဝေနေရဆဲဖြစ်ပြီး ၎င်းတို့အနက်မှ စစ်အတွင်းခရီးသည် သည် အရောင်းရဆုံး စာအုပ်အဖြစ် ဆက်လက်တည်ရှိနေသည်။ ဤစာအုပ်ကို ဒေါက်တာ ရောဘတ် အိပ်(ခ်ျ) တေလာ မှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့သည်။ သူသည် ယောက်ျား ဂုဏ်ရည် ရုပ်ရှင်ကို ဒါရိုက်တာ အဖြစ် ရိုက်ကူးခဲ့သည်။ သူသည် နဂါးနီစာအုပ်တိုက်တွင် အလုပ်လုပ်ခဲ့ပြီး ပြဇာတ်များစွာကို ရေးသားခဲ့သည်။
၁၉၅၈ ခုနှစ်တွင် သိန်းဖေမြင့်သည် ဗိုလ်တထောင် သတင်းစာကို တည် ထောင်ခဲ့သည်။ (သူသည် ၁၉၃၀ နှောင်းပိုင်းနှစ်များတွင် မြန်မာ့အလင်း သတင်းစာ၏ သတင်းထောက်ဟောင်း တစ်ဦးလည်းဖြစ်သည်။) ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်သော ဆိုရှယ်လစ်အစိုးရသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ၏ တစ်စိတ်တစ်ဒေသ အဖြစ် သူ၏ သတင်းစာကို ပြည်သူပိုင်သိမ်းခဲ့သော ၁၉၆၄ အထိ သူသည် လက်ဝဲဝါဒ လွှမ်းမိုးသော သတင်းစာ၏ အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။ [၃] ထို့နောက် ၁၉၇၅ ထိ ဗိုလ်တထောင် သတင်းစာ (ပွင့်ပွင့်လင်းလင်း ပြောပါရစေ) ကဏ္ဍ၏ပင်တိုင်ဆောင်းပါးရှင် အဖြစ်လုပ်ကိုင်ရင်း ထိုနှစ် မေလတွင် သမ္မတကြီး ဦးနေဝင်း၏ လစာကိစ္စကို (လမ်းစဉ် ပါတီခေတ်တွင် အကြံပေး အဖွဲ့ဝင်ဖြစ်ပါလျက်) ပွင့်ပွင့်လင်းလင်း ကဏ္ဍမှ ရေးသားခဲ့ရာ ထိုစဉ်က ပြန်ကြားရေး ဝန်ကြီး ဦးလွင်က သူ့ကလောင်အားပိတ်၍ စာပေစိစစ်ရေးဌာန သည် ထုတ်ဝေမည့် စာမူများ အားလုံးကို ထုတ်တင် စနစ်မှ တင်ထုတ် စနစ်သို့ပြောင်းလဲကာ တင်းတင်းကြပ်ကြပ် ကိုင်တွယ်ခဲ့သည်မှာ ယနေ့တိုင်အောင် ဖြစ်သည်။