ထန်တလန်မြို့နယ်၌ ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလမ်းများ ရာနှုန်းပြည့်ပြီးစီး

Listing Description

နေပြည်တော်  နိုဝင်ဘာ  ၁၄

နယ်စပ်ရေးရာဝန်ကြီးဌာနမှ ချင်းပြည်နယ် ထန်တလန်မြို့နယ်တွင် ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်၌ ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလမ်းတံတားများမှာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း ချင်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (ဟားခါး)မှ သိရသည်။

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု)   ခွင့်ပြု ရန်ပုံငွေကျပ် ၇၀၈ ဒသမ ၀၇ သန်းဖြင့် ထန်တလန်မြို့နယ် သီကိရ်-သဘာဝ ဥယျာဉ်မြေလမ်း (၁၃/၄) မိုင်အနက် (၆/၄) မိုင်ဖောက်လုပ်ပြီး ကျန်ခုနစ်မိုင်အား လမ်းမျက်နှာပြင် ၂၆ ပေ တောင်ကမ်းပါးရံဘက်ခြမ်း ရေမြောင်း သုံးပေ စုစုပေါင်း ၂၉ ပေအကျယ် အပြီးသတ်လမ်းဖောက်လုပ်ခြင်းလုပ်ငန်းနှင့် ယင်းလမ်းပေါ်တွင် ပေ ၅၀  သံကူကွန်ကရစ်တံတား တစ်စင်း၊  ပေ   ၄၀   သံပေါင်ဘေလီတံတား တစ်စင်း၊ ပေ ၂၀ ရှည်   သံပေါင်ဘေလီတံတား တစ်စင်း၊ (၅x၅x၂၆) ပေရှိ Box Culvert ၂၉ စင်းတို့မှာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သဖြင့် ယင်းလမ်းကြောင်း ပေါ် ရှိ ကျေးရွာ ကိုးရွာ၊ အိမ်ခြေ ၈၁၃ အိမ်၊ လူဦးရေ ၂၃၅၈ ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေးလုပ်ငန်းများတွင် အကျိုးပြုမည်ဖြစ်ကြောင်း ချင်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး(ဟားခါး)မှ သိရသည်။

စိုးဝင်းထွန်း(သတင်းစဉ်)