ထန်ကောင်းလိုဏ်ဂူ

Listing Description

ထန်ကောင်းလိုဏ်ဂူတော်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ မဲဇာချောင်းဖျားရှိ ဘူးတောင်းကျေးရွာ၏ အရှေ့ဘက် ၁၄ မိုင်ခန့်အကွာ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးနယ်နိမိတ်ထိစပ်သော နန့်သချောင်းဖျားအနီးရှိ တောအတွင်း တည်ရှိပါတယ်။ "ထန်ကောင်း" ဆိုသည်မှာ ရှမ်းဘာသာစကားဖြစ်ပြီး မြန်မာဘာသာဖြင့် "အိုးစည်လိုဏ်ကြီး" ဟု အဓိပ္ပာယ်ရပါသည်။ လိုဏ်အတွင်း၌ အပေါက်ငယ်ကလေးများရှိရာ ထိုအပေါက်ငယ်များကို လက်ဖြင့်အုပ်လိုက်ပါက အိုးစည်သံထွက်သောကြောင့် ထန်ကောင်းဟု ခေါ်ပါသည်။ ဥမင်လိုဏ်တော်တည်ရှိရာတောင်သည် သန်တောင်တစ်ရာကျော်မြင့်သည့် သဲကျောက်တောင်ဖြစ်ပါသည်။ ထိုကျောက်တောင်မှာ ခြေရင်းလုံးပတ် ၂၆၅ တောင်၊ လိုဏ်ဝအမြင့် ၉ တောင်ထွာ၊ လိုဏ်ဝ ပထမအကျယ် ၁၅ တောင်၊ ဒုတိယအကျယ် ၅ တောင်၊ လိုဏ်အဆုံး ၂ တောင်၊ လိုဏ်ဂူအရှည် ၃၅ တောင်ခန့် ရှိပါသည်။ လိုဏ်ဂူအတွင်း ၄ တောင်ခန့်ကျယ်သော မွန်းတည့်ပေါက်ရှိပြီး မွန်းတည့်ပေါက်တည်ရာ အမိုးနှင့် အောက်ခြေ ၁၁ တောင် ၁၄ လက်မ ဖြစ်ပါသည်။ လိုဏ်ဂူတော်တစ်နေရာတွင် လက်ဝဲဘက်ခြေတော်ရာ နှစ်ဆူရှိသည်။

သက္ကတုမ္ဗသမိုင်းတွင် မှတ်တမ်းတင်ထားသည်မှာ-

ဘုရားရှင်သည် ဇာလီယမည်သော ကွန်ချာတောင်၌ ဝါဆိုတော်မူစဉ် သုံးကျိပ်ငါးပါးသော ရဟန်းများသည် ဘုရားရှင်ထံမှ ကမ္မဌာန်းယူခဲ့ပြီး တရားကျင့်ရန်ဌာနကို ရှာဖွေကြစဉ် သိကြားမင်းက ဝိသကြုံနတ်သားကို စေလွှတ်ပြီးရဟန်းတော်များ တရားကျင့်ကြရန် ယခုလိုဏ်ဂူတော်ကြီးကို ဖန်ဆင်းစေသည်ဟုဆိုပါသည်။ ရဟန်းတော်သုံးကျိပ်ငါးပါးတို့သည် ထိုလိုဏ်ဂူတော်၌ ရဟန်းကိစ္စပြီးဆုံးကြ၍ နောင်လူနောက်သားအများ ကုသိုလ်တရား တိုးပွားကြစေရန် ခြေတော်ရာချထားခဲ့သည်ဟု ဆိုပါသည်။ ထိုရဟန္တာအရှင်မြတ်တို့သည် ထိုလိုဏ်ဂူတော်မှ အရှေ့မြောက်တစ်ယူဇနာခန့်ကွာသော ချောင်းငယ်တွင် ခန္ဓပရိနိဗ္ဗာန်ဝင်စံကြသောကြောင့် ၎င်းချောင်းကိုယနေ့အထိ ဓာတ်ချောင်းဟုခေါ်ကြပါသည်။ ၎င်းချောင်းအတွင်း ကျရောက်သော သစ်ခက်သစ်ရွက်မှအစ အားလုံး ဓာတ်တော်ဖြစ်သည်ဟုလည်း ဆိုပါသည်။ လိုဏ်ဂူတော်သည် မဲဇာမြစ်ဖျားမှ အတော်ဝေးကွာသေးသဖြင့် ပျောက်ကွယ် ၍နေသည်ကို ကောဇာသက္ကရာဇ် ၁၃၅၇ ခုနှစ်၊ ကဆုန်လတွင် ဆရာတော်များ ဦးစီးသော လိုဏ်ဂူရှာဖွေရေးအဖွဲ့မှ ညဥ့်အိပ်ညဥ့်နေ မရမနေ ရှာဖွေခဲ့သောကြောင့် ယခုအခါ လိုဏ်ဂူတော်ကြီးနှင့်တကွ ဓါတ်တော်ချောင်းကိုပါ ပြန်လည် တွေ့ရှိပြီ ဖြစ်ပါသည်။